မြန်မာစစ်တပ် နဲ့ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) တို့ တွေ့ဆုံဆွေးနွေးဖို့ သဘောတူပြီးပြီဖြစ်တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။
စစ်တပ် နဲ့ KIA တို့ ဆွေးနွေးဖို့ သဘောတူထားသော်လည်း နှစ်ဖက်တွေ့ဆုံရန် နေရာညှိနှိုင်းမှု မပြေလည်သေးတာကြောင့် ဆွေးနွေးပွဲတွေ မဖြစ်လာသေးတာလို့ ပြောပါတယ်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “KIA က ဆွေးနွေးဖို့ သဘောတူပြီးပြီ၊ နေပြည်တော်ကြလည်း သဘောတူတယ်၊ ဒါပေမဲ့ နေရာရွေးနေတာ၊ KIO က မြစ်ကြီးနားမှာ လာဆွေးနွေးပါလို့ ခေါ်တယ်၊ အခုလက်ရှိ စစ်ကော်မရှင်ကို စစ်ကော်မရှင်အဖွဲ့တွေကလည်း မြစ်ကြီးနားမှာ မသွားချင်ဘူး။ မြစ်ကြီးနားမှာ အရင်လွန်ခဲ့တဲ့ ၄၊ ၅၊ ၁၀ နှစ်က အစည်းအဝေး လုပ်လို့ရတယ်။ ဘာလို့ဆို KIO တစ်ဖွဲ့ပဲ ရှိတာကိုး၊ မြစ်ကြီးနားမှာ နှစ်ဖက်ဆွေးနွေးပွဲတွေ စဖူးပါတယ်။ ကျနော်လည်း လိုက်တက်ဖူးတယ်၊ အခုက အဲဒီလိုမဟုတ်တော့ဘူး။ KIO တစ်ဖွဲ့တည်း မဟုတ်ဘဲ အဖွဲ့ပေါင်းစုံရှိနေတော့ လက်နက်တွေလည်း စုံလာတော့ မြစ်ကြီးနားမှာ လူစုလူဝေးနဲ့လုပ်ရင် ဒရုန်းတို့ဘာတို့ KIO မထိန်းနိုင်တဲ့ အခြေအနေလည်း ရောက်နိုင်တယ်၊ ဒါကြောင့် နေရာကိုတော့ နေပြည်တော်က ကျိုင်းတုံ သို့တည်းမဟုတ် မိုင်းလားပေါ့လေ၊ မိုင်းလားမြို့ အဲဒီဖက်တွေမှာလုပ်ဖို့ KIO ကလည်း အဲဒီဖက်တွေကို မထွက်နိုင်ဘူး။ ဆွေးနွေးဖို့ သဘောတူပြီးကြပြီ။ နှစ်ဖွဲ့က ဒါပေမဲ့ အချိန်မကျဘဲနဲ့ နေရာမရသေးတာ ပြဿနာဖြစ်နေတာ” လို့ ပြောပါတယ်။
တဖက်မှာလည်း KIA ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့တွေနဲ့ စစ်တပ်တို့ မြန်မာပြည်မြောက်ပိုင်းဒေသ၊ စစ်ကိုင်းတိုင်းအထက်ပိုင်းတို့မှာ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေပါတယ်။
ထို့အတူ KIA နဲ့ တရုတ် သဘောတူညီမှုရလို့ ကံပိုင်တည်ရယ်၊ လိုင်ဇာ၊ မိုင်ဂျာယန် နဲ့ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးဂိတ် ၄ ခု အောက်တိုဘာ ၂၅ ရက်နေ့ကစပြီး ပြန်လည်ဖွင့်ပေးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ နယ်စပ်ကုန်သွယ်ရေးဂိတ်ပြန်ဖွင့်ခြင်းက ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက် နဲ့ မြစ်ကြီးနားဒေသရှိ တရုတ်ငှက်ပျောတွေ တရုတ်ပြည်သို့ ပို့ဆောင်တဲ့ ရာသီလည်း ဖြစ်သလို ဗန်းမော်မှာ စစ်ရှုံးနေတဲ့ KIA အနေဖြင့် နိုင်ငံရေးသိက္ခာကို စီးပွားရေးဖြင့် ပြန်ဆယ်တာလားဆိုတာ စဉ်းစားစရာဖြစ်တယ်လို့ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ စိုင်းဌေးအောင်က ပြောပါတယ်။
“ဗန်းမော်တိုက်ပွဲကတော့ သူတို့ (KIA) ရှုံးနေတာ ကြာပါပြီ။ သူတို့ရှုံးတာတော့ ဒါပေမဲ့ နိုင်ငံရေးသိက္ခာဆယ်တဲ့ အနေနဲ့ သူတို့ ခံတိုက်နေတယ်လို့ ကျနော်အနေနဲ့ ဟိုတုန်းကလည်း ကျနော်ပြောခဲ့တယ်၊ ယနေ့လည်း ကျနော်ထပ်ပြောပါတယ်။ အခုစီးပွားရေးမက်လုံးတစ်ခုပေးလိုက်တာနဲ့ ဗန်းမော်ဆုတ်မယ်ဆိုရင်တော့ သူတို့အနေနဲ့ နိုင်ငံရေးသိက္ခာကို စီးပွားရေးနဲ့ ပြန်ဆယ်တာလားဆိုတာ စဉ်းစားရတာပေါ့လေ၊ ဒါကြောင့်မို့ အခုလောလောဆယ်အခြေအနေကတော့ ဗန်းမော်မြို့ပေါ်မှာတော့ မရှိသလောက်တော့ ဖြစ်သွားပါပြီ။ မြို့အစွန်လေးတွေကတော့ စစ်ကြောင်းက တောက်လျှောက် ထိုးစစ်ပြန်ဆင်နေတဲ့ အသံမျိုးတွေ သတင်းလေးတွေ ကြားနေရတာပေါ့” လို့ ပြောပါတယ်။
အလားတူ ၁၀၂၇ စစ်ဆင်ရေးဆင်နွှဲခဲ့တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် (MNDAA) က စစ်တပ်နဲ့ အပစ်အခတ် ရပ်စဲထားသလို တအာင်းတပ် (TNLA) ကလည်း စစ်တပ်နဲ့ အပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့ကြောင်း ဒီနေ့ အောက်တိုဘာ ၂၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒါကြောင့် ညီနောင်မဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ အာရက္ခတပ်တော် (AA) တစ်ဖွဲ့တည်းတာ ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။
ပြည်မဒေသတွေမှာ အခြေပြုလှုပ်ရှားနေတဲ့ ဗမာကိုယ်စားပြု လက်နက်ကိုင်အဖွဲ့အစည်းတွေ အနေဖြင့်လည်း အခြေအနေပေးပါက ဆွေးနွေးလိုတဲ့ အသံတွေ ထွက်လာကြောင်း၊ ရွေးကောက်ပွဲ မတိုင်ခင် ဆွေးနွေးပွဲ ဖန်တီးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။
“ကျန်တဲ့အဖွဲ့တွေကတော့ တချိန်ချိန်မှာတော့ ဆွေးနွေးရမှာပဲလို့ ထင်တယ်။ ဘာလို့ဆိုတော့ မြောက်ပိုင်းမှာတော့ လုံးဝပြဿနာ မရှိဘဲနဲ့ တည်တည်ငြိမ်ငြိမ်နေနေတာက “ဝ” ရယ်၊ မိုင်းလားရယ်၊ SSPP ရယ် ဒါတွေကတော့ ရှိပြီးသား၊ တည်ငြိမ်ပြီးသားဖြစ်နေတယ်။ ပလောင်၊ ကိုးကန့် ဆွေးနွေးပြီးသား၊ ဟိုဖက်မှာ ချင်းကလည်း အဖွဲ့ပေါင်းစုံဖြစ်နေတယ်။ နောက်ပြီးတော့ စစ်ကိုင်းဖက်မှာလည်း ရှိတဲ့အဖွဲ့က အခြေအနေပေးရင် ဆွေးနွေးချင်တဲ့ လေသံတွေ ထွက်နေပါတယ်။ စစ်ကိုင်းမှာ နဂါး (ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် – BNRA ဦးဆောင်သူ ဗိုလ်နဂါး)တို့ ဆောင်းခ (ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော်-BPLA ဦးဆောင်သူ မောင်ဆောင်းခ) တို့လည်း နိုင်ငံရေးဇာတ်ခုံပေါ်၊ နိုင်ငံရေးဝိုင်းထဲဝင်ချင်တဲ့ လေသံတွေရှိတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ မတိုင်ခင်မှာ လက်ရှိ ကော်မရှင်က ဖန်တီးနိုင်မလား၊ မဖန်တီးနိုင်ဘူးလားဆိုတာ စဉ်းစားစရာတော့ ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ အချိန်က နည်းနည်းကပ်နေတယ်။ ရွေးကောက်ပွဲကိုလည်း ဦးစားပေးရမယ်၊ ရွေးကောက်ပွဲ လုံခြုံရေးကိုလည်း ဦးစားပေးရမယ်ဆိုတော့ အဲဒီအခင်းအကျင်းတွေက စောင့်ကြည့်ပြီးတော့ အစိုးရအသစ်ပေါ်ရင်တော့ ဆွေးနွေးမယ့် ပေါ်လစီ ဦးသိန်းစိန်ချပေးသလို ချပေးလာနိုင်တယ်” လို့ ပြောပါတယ်။
ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော်-BPLA၊ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် – BNRA စသဖြင့် ပြည်မလက်နက်ကိုင်အဖွဲ့တို့ ဝင်ရောက်ဆွေးနွေးနိုင်မယ့် အခင်းအကျင်းအသစ်ကို ရွေးကောက်ပွဲအလွန် အစိုးရက ဖန်တီးနိုင်မယ်လို့ ယူဆကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆက်ပြောပါတယ်။
လက်ရှိ KIA အနေဖြင့် တိုက်ပွဲဖော်ဆောင်နေမှုဟာ စစ်တပ်နဲ့ မဆွေးနွေးခင် နယ်မြေအများအပြား ရရှိဖို့ လုပ်ဆောင်နေတာဖြစ်ပြီး စစ်တပ်နဲ့ တွေ့ဆုံဆွေးနွေးပါက သိမ်းပိုက်နယ်မြေတွေအတွက် အပေးအယူ လုပ်မှာဖြစ်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။