စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဗန်းမောက်မြို့နယ်အတွင်းက ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ထိန်းချုပ်ထားတဲ့ စက်တောကျေးရွာ ဘုန်းတော်ကြီးကျောင်း မီးရှို့ဖျက်ဆီးခံရတယ်လို့ ရေးသားဖြန့်ဝေမှုဟာ သတင်းမှားဖြန့်ဝေမှုတစ်ခုသာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ စက်တောကျေးရွာ အပါအဝင် အနီးအနားရှိ ကျေးရွာတွေမှာ အခုလအစောပိုင်းက SNA နဲ့ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။
အဲဒီနောက် စက်တောကို SNA က ထိန်းချုပ်လိုက်ပြီးနောက် တိုက်ပွဲကြောင့် ဘုန်းတော်ကြီးကျောင်းမှာ တိမ်းရှောင်နေတဲ့ သက်ကြီးရွယ်တွေအပါအဝင် ဒေသခံ ၁၀၀ ကျော်ကို SNA က ဖမ်းဆီးလိုက်တယ်လို့ ပြောဆိုမှုဟာလည်း မှန်ကန်မှု မရှိဘူးလို့ ပြောပါတယ်။
ဒါ့အပြင် စက်တောဘုန်းတော်ကြီးကျောင်းကိုလည်း SNA က မီးရှို့လိုက်ကြောင်း ပြောဆိုရေးသားမှုတွေဟာလည်း မှန်ကန်မှု မရှိကြောင်း၊ ဘုန်းတော်ကြီးကျောင်းအတွင်းက တိုက်ပွဲရှောင်တွေလည်း အရင်အတိုင်းရှိနေတယ်လို့ ဆိုပါတယ်။
ဗန်းမောက်မြို့နယ်အတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ ဌာနတိုင်းရင်းသားတွေဖြစ်ကြတဲ့ ရှမ်းနီလူမျိုး နဲ့ ကတူးလူမျိုးတို့အကြား လူမျိုးရေးပဋိပက္ခတွေ ဖြစ်ပွားဖို့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ရေးသားမှုတွေ ရှိနေကြောင်း၊ အဆိုပါ လှုံ့ဆော်မှုတွေကို ဌာနတိုင်းရင်းသားတွေအနေဖြင့် သတိထားသင့်တယ်လို့ ဒေသခံတွေက ပြောပါတယ်။