မြန်မာနိုင်ငံကနေ ပြည်ပကို ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ထက် ဆန်ပိုမိုတင်ပို့နိုင်ခဲ့ပေမယ့်လည်း တောင်သူတွေမှာ အရှုံး နဲ့ ရင်ဆိုင်နေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။
အရင်က မြန်မာနိုင်ငံရဲ့ ဆန်ကို နယ်စပ်ကုန်သွယ်ရေးကနေ တရုတ်နိုင်ငံက အများဆုံး ဝယ်ယူလျက်ရှိပေမယ့် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကနေစပြီး နယ်မြေမတည်ငြိမ်မှုတွေကြောင့် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေခဲ့ကာ ပင်လယ်ရေကြောင်းတစ်ခုတည်းသာ ကုန်သွယ်နေရတာ ဖြစ်ပါတယ်။
ကုန်သည်တွေဟာ အဲဒီအချက်ကို အကြောင်းပြပြီးတော့ တောင်သူတွေအပေါ်မှာ စပါးကို ဈေးနှိမ်ဝယ်ယူကြတာကြောင့် တောင်သူတွေမှာ အရှုံးနဲ့ ရင်ဆိုင်နေရတာ ဖြစ်တယ်လို့ လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌဟောင်း ဦးသိန်းအောင်က ပြောပါတယ်။
“လောလောဆယ်ကတော့ export က ကုန်းလမ်းကနေပြီးတော့ ၁၀၅ မိုင် ရွှေလီဂိတ်ကနေပြီးတော့ ကုန်းဘက်ကနေထွက်တာ ရှိတယ်လေ။ အခု ဒီနှစ်ပိုင်းတွေမှာ လမ်းကြောတွေက မကောင်းတော့ မထွက်ရတော့ သင်္ဘောလိုင်းတစ်ခုပဲ အားကိုးနေရတဲ့သဘော ရှိတယ်။ ရှင်းရှင်းပြောရရင် အရင်တုန်းက တရုတ်ကို ထုတ်တဲ့ဟာ တော်တော်အားကိုးရတယ် တောင်သူတွေ။ အခုက အဲဒီလိုင်းကလည်း အပြိုင်မရှိတဲ့အခါကျတော့ သင်္ဘောလိုင်းနဲ့ လုပ်တဲ့ exporter တွေရဲ့ တစ်ဖွဲ့တည်းရဲ့ ချုပ်ကိုင်မှုကြောင့်လား၊ ကမ္ဘာ့ဆန်ဈေးကပဲ တကယ်ကျနေလို့လားတော့ မသိဘူး ဈေးတန်းတွေက ကျန်တဲ့ကုန်ပစ္စည်းတွေက ၂ ဆ၊ ၃ ဆလောက် တက်ပြီးတော့ စပါးက ထက်ဝက်ပြန်လျော့သွားပြီ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် မိုးစပါးရာသီမှာ စပါးတင်း ၁၀၀ ကို ငွေကျပ် ၁၆ သိန်းအထိ တောင်သူတွေ ဈေးကောင်းရရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ ငွေကျပ် ၁၀ သိန်းခန့်သာ ရရှိတယ်လို့ ဆိုပါတယ်။
ဒါကြောင့် တစ်ဧကကို စပါးတင်း ၁၀၀ ထွက်ရှိတဲ့ တောင်သူတွေက အရင်းပဲ ရရှိပြီး တစ်ဧကကို တင်း ၁၀၀ အောက် ထွက်ရှိတဲ့ တောင်သူတွေ အရှုံးနဲ့ ရင်ဆိုင်နေရတာ ဖြစ်တယ်လို့ ပြောပါတယ်။
ပျမ်းမျှတွက်ကြည့်လိုက်မယ်ဆိုရင် တောင်သူအများစုဟာ ယခုနှစ် မိုးစပါးရာသီမှာ တစ်ဧကကို တင်း ၇၀ ပဲ ထွက်ရှိတာကြောင့် တစ်ဧကကို ၃ သိန်းကျပ် အရှုံးဖြစ်ပေါ်နေတယ်လို့ ဦးသိန်းအောင်က ဆက်ပြောပါတယ်။
“အခုက တောင်သူတိုင်းရှုံးတာပဲလေ။ အခုလက်ရှိ စပါးဈေးနဲ့က အခုက မိုးရာသီစပါးဆိုတော့ နွေစပါးလို မဟုတ်ဘူး။ အထွက်နှုန်းက မကောင်းဘူး။ အပျက်အစီးများတယ်။ ရေမိုးဘာညာ အဆင်မပြေမှုတွေဆိုတော့ ၁၀၀ နှုန်းထွက်တဲ့သူမှ အရင်းရတယ်။ ဒါတောင် ၁၀၀ နှုန်းထွက်တော့ အရင်းဆိုတော့ အများအားဖြင့် ထွက်တာက ၇၀ ဆိုတာ ပျမ်းမျှထွက်နှုန်းပဲ။ အဲဒီထက်နိမ့်ပြီး ထွက်တဲ့သူလည်း ရှိတယ်။ အဲဒီတော့ ၁၀၀ ထွက်ရင် အရင်း၊ ၉၀ ဆို ၁ သိန်းရှုံးမယ်၊ ၈၀ ဆို ၂ သိန်းရှုံးမယ်၊ ၇၀ ဆို ၃ သိန်းရှုံးမယ်၊ ၆၀ ဆို ၄ သိန်းရှုံးမယ် တစ်ဧကပေါ်မှာလေ။ စပါးအထွက်နှုန်းကောင်းတဲ့သူကတော့ နည်းနည်းတော်တာပေါ့။ အများအားဖြင့် ပျမ်းမျှယှဥ်လိုက်မယ်ဆိုရင်တော့ စပါးက ၇၀ နှုန်းလောက်ပဲ ထွက်ကြတယ်။ ပြောမယ်ဆိုရင်တော့ တစ်ယောက်ကို ပျမ်းမျှ တစ်ဧကကို ၃ သိန်းဝန်းကျင်လောက်တော့ ရှုံးကြလိမ့်မယ်” လို့ ပြောပါတယ်။
အဲဒါအပြင် ပြီးခဲ့တဲ့လမှာ စပါးဈေးနှုန်း ကျဆင်းမှုနဲ့အတူ ဆန်ဈေးနှုန်းကလည်း ကျဆင်းနေတာကြောင့် ဧရာဝတီတိုင်းအတွင်းက မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှာ ပါတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ ဆန်စက်တွေအပြင် ဆန်စက်တော်တော်များများ ရပ်နားခဲ့ရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ – ၂၀၂၅ ဘဏ္ဍာနှစ်မှာ ပြည်ပကို ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၂ ဒသမ ၄၈ သန်း တင်ပို့နိုင်ခဲ့ပြီး လက်ရှိ ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာနှစ်မှာ တန်ချိန် ၃ သန်း တင်ပို့နိုင်ဖို့အတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ရည်မှန်းထားပါတယ်။
လက်ရှိ အောက်တိုဘာလကနေ မတ်လအထိကို ၁ လကို ဆန်တန်ချိန် ၃ သိန်းနှုန်းနဲ့ တင်ပို့သွားမယ်လို့လည်း သိရပါတယ်။