မိမိတို့ နိုင်ငံရေးအိပ်မက်ဖြစ်တဲ့ လွတ်လပ်ငြိမ်းချမ်း၍ တရားမျှတသော တအာင်းပြည်နယ် တည်ဆောက်ရေး နဲ့ ပြည်သူ့အစိုးရ အုပ်ချုပ်ရေးယန္တယားမှာ အမျိုးသမီးတွေရဲ့ ကိုယ်စားပြုမှု အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်လာရေး အလေးထားဆောင်ရွက်မယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ပြောပါတယ်။
ဒီနေ့ အောက်တိုဘာ ၁၄ ရက်နေ့မှာ ကျရောက်တဲ့ တအာင်းအမျိုးသမီးအဖွဲ့အစည်း တည်ထောင်ခြင်း ၂၅ နှစ်ပြည့် ထုတ်ပြန်ကြေညာချက်မှာ ထည့်သွင်းဖော်ပြခဲ့တာဖြစ်ပြီး ဒီမိုကရေစီ စံချိန်စံနှုန်းတွေ၊ ဂျန်ဒါတန်းတူရေး အပါအဝင် ရလာဒ်အပေါ် အခြေခံတဲ့ တန်းတူရေးကို အလေးထား ဆောင်ရွက်သွားမယ်လို့ လည်း ဆိုပါတယ်။
ဒါ့အပြင် လူမှုတရားမျှတမှုတွေကို အခြေခံပြီး အမျိုးသမီးတွေကို ဖိနှိပ်တဲ့ ဓလေ့ထုံးတမ်းတွေကိုလည်း မိမိတို့အဖွဲ့အစည်း အနေဖြင့် မတရားသော ဓလေ့တွေကို ပယ်ဖျက်နိုင်ဖို့ နဲ့ အမျိုးသမီးတွေကို ကာကွယ်ပေးနိုင်တဲ့ မူတွေ နဲ့ ဥပဒေတွေကို ထုတ်ပြန်နိုင်ဖို့လည်း လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာ တအာင်းလူမျိုးတွေ နဲ့ တအာင်းဒေသတွင်း ပြည်သူတွေအားလုံး ဖိနှိပ်ခွဲခြားခံရမှု အလုံးစုံမှ လွတ်မြောက်ရေး နဲ့ စုံလင်ကွဲပြားမှုကို လက်ခံကျင့်သုံးကာ တိုင်းရင်းသားတွေ အတူတကွ ယှဉ်တွဲနေထိုင်ရေးမူကို စွဲကိုင်ပြီး လူမျိုးတွေအကြား ပြန်လည်သင့်မြတ်ရေးကို ဆက်လက် အကောင်အထည်ဖော် လုပ်ဆောင်မယ်လို့ ဆိုပါတယ်။
မိမိတို့ဟာ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်အားလုံး အမြစ်ဖြတ်ရေးအတွက် တော်လှန်တိုက်ပွဲ ဝင်ကြမှာဖြစ်ပြီး ဖိုဝါဒကြီးစိုးရေးကို ဦးတည်တဲ့ ဘယ်အဖွဲ့အစည်း လှုပ်ရှားမှုကိုမဆို တော်လှန်သွားမယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မိမိတို့ရဲ့ နိုင်ငံရေးမျှော်မှန်းချက်တွေအတိုင်း လျှောက်လှမ်းရာမှာ နိုင်ငံ့ရေးရာတွေအားလုံးရဲ့ ကဏ္ဍအသီးသီး နဲ့ ဆုံးဖြတ်ချက်ချမှတ်တဲ့ အဆင့်တိုင်းမှာ အမျိုးသမီးတွေ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်ရေးမူကို စွဲကိုင်ပြီး အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု နဲ့ ခွဲခြားဆက်ဆံမှု ပပျောက်ရေး၊ အမျိုးသမီးတွေ စွမ်းရည်မြင့်တင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ ပဋိပက္ခအတွင်း အသက်အိုးအိမ်ဆုံးရှုံးရသူတွေကို မှတ်တမ်းတင်ခြင်း၊ အမှန်တရား နဲ့ တရားမျှတမှုကို ရှေ့ရှု့ပြီး အသက်ရှင်ကျန်ရစ်သူတွေကို ပြန်လည်ပြုစုပျိုးထောင်ရေး နဲ့ ပဋိပက္ခကြောင့် နစ်နာသူတွေကို လူသားချင်းစာနာမှု အကူအညီပံ့ပိုးရေးတွေ အပါအဝင် ဖက်ဒရယ်ဒီမိုကရေစီရေးကို တစိုက်မတ်မတ် လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ ဆိုပါတယ်။
မိမိတို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းရဲ့ စံတန်းဖိုးတွေဖြစ်တဲ့ ငြိမ်းချမ်းမှု၊ တရားမျှတမှု၊ စုံလင်ကွဲပြားမှု၊ အပြန်အလှန်လေးစားမှု နဲ့ တန်းတူမှု စတာတွေကို စွဲစွဲမြဲမြဲ လက်ခံကျင့်သုံးတယ်လို့ ဆိုပါတယ်။
ဒါကြောင့် အမျိုးသမီးတွေကို နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုတွေ၊ ခွဲခြားဖိနှိပ်မှုတွေကို ကျူးလွန်တဲ့ ဘယ်သူမဆို မိမိတို့ အဖွဲ့အစည်းမှ လုံးဝသည်းခံခြင်း မရှိတဲ့မူ (Zero Tolerance) ကို စွဲကိုင်ကာ ဆက်လက်တော်လှန် အကောင်အထည်ဖော်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တအာင်းအမျိုးသမီးအဖွဲ့အစည်းဟာ အာဏာရှင်စနစ် အမြစ်ပြတ်ရေးကို မဟာမိတ်တွေနဲ့အတူ ပူးပေါင်းကာ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး မျှော်မှန်းချက် အောင်မြင်တဲ့အထိ ဆက်လက်တော်လှန် တိုက်ပွဲဝင်မယ်လို့ သန္နိဋ္ဌာန်ပြုတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တအာင်းဒေသရှိ အမျိုးသမီးထုတွေကို ဖိနှိပ်တဲ့ ဓလေ့ထုံးတမ်းတွေ၊ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ နဲ့ ခွဲခြားမှုတွေ ပပျောက်တဲ့အထိ အစဉ်တစိုက် တိုက်ပွဲဝင်တော်လှန်သွားမယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ပြောပါတယ်။
တအာင်းအမျိုးသမီးအဖွဲ့အစည်းကို ၂၀၀၀ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက်နေ့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ပလောင်အမျိုးသမီး အစည်းအရုံးအမည်ဖြင့် စတင်တည်ထောင်ခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်မှာ နိုင်ငံရေး အပြောင်းအလဲပေါ်မူတည်၍ ပလောင်အမျိုးသမီး အစည်းအရုံးမှ တအာင်းအမျိုးသမီးအဖွဲ့အစည်း အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။