Home နိုင်ငံရေး အတွေးသစ်နဲ့ ဗျူဟာတွေ ထပ်ချဲ့တော်လှန်မယ်လို့ ဗိုလ်ချုပ်တားဘုန်းကျော် ပြော

အတွေးသစ်နဲ့ ဗျူဟာတွေ ထပ်ချဲ့တော်လှန်မယ်လို့ ဗိုလ်ချုပ်တားဘုန်းကျော် ပြော

by Homeland Author

သျှမ်းပြည်မြောက်ပိုင်းမှာ စစ်တပ် နဲ့ တအာင်းတပ်ဖွဲ့ (TNLA) တို့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေချိန် စစ်ကြီးထဲမှာ ရှင်သန်ကျန်နေတဲ့သူတွေ အတွေးသစ် နဲ့ ဗျူဟာတွေ ထပ်ချဲ့တော်လှန်မယ်လို့ TNLA ရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်ချုပ်တားဘုန်းကျော်က ပြောပါတယ်။

ဗိုလ်ချုပ်တားဘုန်းကျော်က “စစ်… ကြမ်းတမ်း ရိုင်းစိုင်းတဲ့ ဒီစစ်ကြီးထဲမှာ … မသေသေးပဲ ရှင်သန်ကျန်နေတဲ့ တို့တတွေ အားမွေး … အတွေးသစ်နဲ့ ဗျူဟာတွေ ထပ်ချဲ့ကြတာပေါ့… ငါတို့က တော်လှန်ရေးကိုရွေးတော့ တော်လှန်ရေးက ငါတို့တွေကို ပြန်ရွေးချယ်တာလေ..” လို့ ၎င်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ TNLA၊ MNDAA နဲ့ AA တို့ ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း သျှမ်းမြောက်ရှိ နမ့်ခမ်း၊ ကျောက်မဲ၊ သီပေါ၊ မန်တုံ၊ နမ့်ဆန်၊ နမ္မတူ၊ ကွတ်ခိုင်၊ နောင်ချို၊ မိုးမိတ်၊ မိုင်းလုံ နဲ့ မိုင်းငေါ့ စတဲ့မြို့တွေကို TNLA က သိမ်းပိုက်ရရှိခဲ့ပါတယ်။

အဲဒီနောက် စစ်တပ်ဖက်က စစ်အင်အားအလုံးအရင်းဖြင့် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် နောင်ချို၊ ကျောက်မဲမြို့တွေကို TNLA က ပြန်လည် လက်လွှတ်ခဲ့ရပါတယ်။

ကျောက်မဲမြို့ကို စစ်တပ်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် လက်ရှိမှာ ကျောက်မဲ နဲ့ သီပေါအကြား နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားလျက်ရှိနေတယ်လို့ သိရပါတယ်။

ထို့အတူ အခုရက်ပိုင်းအတွင်း TNLA ထိန်းချုပ်ထားတဲ့ သီပေါ၊ မိုးမိတ်၊ နမ့်ဆန်၊ နမ္မတူ၊ မိုင်းလုံ၊ မိုင်းငေါ့မြို့တွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး လူသေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

တဖက်မှာလည်း TNLA အပေါ် တရုတ်ရဲ့ ဖိအားပေးမှုအရ စစ်တပ်ရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွေနဲ့ TNLA ကိုယ်စားလှယ်အဖွဲ့တို့ တရုတ််နိုင်ငံမှာ တွေ့ဆုံဆွေးနွေးမှုများ ရှိနေသလို အခုလ အေက်တိုဘာအတွင်း ထပ်မံတွေ့ဆုံဖို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ဒါကြောင့် အခုလို စစ်ရေးပြင်းထန်နေချိန် ရှင်သန်ကျန်နေတဲ့သူတွေ အတွေးသစ် နဲ့ ဗျူဟာတွေ ထပ်ချဲ့တော်လှန်မယ်လို့ TNLA ရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်ချုပ်တားဘုန်းကျော်က ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

related posts

Leave a Comment