မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံတပ်ဖြစ်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်စခန်းတစ်ခုကို သိမ်းပိုက်ရရှိခဲ့တယ်လို့ စစ်တပ်ထောက်ခံ တယ်လီဂရမ်ချန်နယ်တွေမှာ ဓာတ်ပုံတွေနဲ့တကွ ရေးသားဖော်ပြကြပါတယ်။
နိုဝင်ဘာ ၇ ရက်နေ့ မနက်အစောပိုင်းမှာ မြန်မာစစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းပြီးနောက် KNU/KNLA တပ်မဟာ (၁)၊ တပ်ရင်း (၃) ဌာနချုပ်ရုံးကို သိမ်းပိုက်ရရှိခဲ့တာလို့ သိရပါတယ်။
စစ်တပ်ဘက်က အင်အားသာလွန်ပြီး ထိုးစစ်ဆင်လာတာကြောင့် ယာယီဆုတ်ခွာပေးခဲ့တာသာဖြစ်ပြီး စစ်ကြောင်းမဝင်ရောက်ခင်ကတည်းက ဌာနချုပ်ရုံးကို ရွှေ့ပြောင်းထားပြီးဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
အဆိုပါ KNU/KNLA တပ်စခန်းကို သိမ်းပိုက်ရရှိချိန်မှာ စစ်စခန်းအဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းအချို့ကိုလည်း သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။
မြန်မာစစ်တပ်ဘက်က နိုဝင်ဘာ ၃ ရက်နေ့ကစပြီး ကျိုက်ထိုမြို့နယ်အတွင်း အင်အားအလုံးအရင်းနဲ့ မြေပြင်စစ်ကြောင်းထိုးနေတဲ့အပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ KNU/KNLA လှုပ်ရှားရာဒေသဖြစ်တဲ့ ကျိုက်ထိုမြို့နယ်အပါအဝင် KNU တပ်မဟာ (၅) နယ်မြေနဲ့ မြဝတီမြို့တောင်ပိုင်းရှိ ဖလူး၊ မင်းလက်ပံဒေသတွေကိုပါ စစ်တပ်ဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။
ဒီတိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေဟာလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။