Home » တပ်ပြေးရဲဘော်တွေ ပြန်မလာရင် ဖမ်းဆီးမယ်လို့ ကလေး PDF ပြော

တပ်ပြေးရဲဘော်တွေ ပြန်မလာရင် ဖမ်းဆီးမယ်လို့ ကလေး PDF ပြော

by Homeland Author

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၁) စစ်ဒေသလက်အောက်က ကလေးခရိုင် အမှတ် (၂) တပ်ရင်းမှာ တပ်ပြေးနေတဲ့ ရဲဘော်တွေအနေနဲ့ သတ်မှတ်ရက်အတွင်း ပြန်လာဖို့နဲ့ ပြန်မလာရင် ဖမ်းဆီးအရေးယူသွားမယ်လို့ အောက်တိုဘာ ၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ခွင့်လွန်၊ ခွင့်မဲ့နဲ့ တပ်ပြေးနေတဲ့ ရဲဘော်တွေအနေနဲ့ အောက်တိုဘာ ၁၀ ရက် နောက်ဆုံးထားပြီး တပ်ရင်းကို လူကိုယ်တိုင်ပြန်လာကာ တာဝန်ပြန်ထမ်းဆောင်ကြဖို့ အသိပေးထားတာပါ။

သတ်မှတ်ရက်အတွင်း ပြန်လာတဲ့ ရဲဘော်တွေကို ပြစ်ဒဏ်လျှော့ပေါ့ပေးသွားမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သတ်မှတ်ရက်ကျော်တဲ့အထိ ပြန်မလာဘူးဆိုရင် စစ်စည်းမျဉ်းစည်းကမ်းတွေအတိုင်း ပြင်းပြင်းထန်ထန် ဖမ်းဆီးအရေးယူသွားမယ်လို့ တပ်ရင်းက ပြောထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်ကလည်း ခွင့်လွန်၊ ခွင့်မဲ့နဲ့ တပ်ပြေးနေတဲ့ ရဲဘော်တွေ ပြန်လာပြီး တာဝန်ပြန်ထမ်းဆောင်ဖို့နဲ့ ပြန်မလာရင် ဖမ်းဆီးအရေးယူမယ်လို့ ကလေးခရိုင် အမှတ် (၂) တပ်ရင်းက ပထမအကြိမ် ထုတ်ပြန်ခဲ့ဖူးပါတယ်။

အလားတူ ခန္တီးခရိုင် အမှတ် (၂) တပ်ရင်းမှာလည်း ထွက်ပြေးနေတဲ့ တပ်ပြေးရဲဘော် ၂၇ ဦးရဲ့ အမည်နဲ့ နေရပ်တွေကို ထုတ်ပြန်ထားပြီး ပြန်မလာရင် ဓာတ်ပုံတွေနဲ့အတူ ဒုတိယအကြိမ် ထပ်မံဖော်ပြသွားမယ်လို့ ဟုမ္မလင်း-HPDF က အောက်တိုဘာ ၂ ရက်မှာ ပြောထားပါတယ်။

ဒါ့အပြင် NUG ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၁) စစ်ဒေသလက်အောက်က ဗန်းမောက် PDF၊ ကောလင်းခရိုင် အမှတ် (၃) တပ်ရင်း၊ ကသာခရိုင် အမှတ် (၄) နဲ့ အမှတ် (၅) တပ်ရင်း၊ တမူးခရိုင် အမှတ် (၁) တပ်ရင်းတွေကလည်း တပ်ပြေးရဲဘော်တွေ တပ်ရင်းကို ပြန်လာကြဖို့ အသီးသီး အသိပေးထားပါတယ်။

related posts

Leave a Comment