Home » ပုဏ္ဏားကျွန်းတိုက်ပွဲမှာ လက်နက်ခဲယမ်းအများအပြား AA သိမ်းဆည်း

ပုဏ္ဏားကျွန်းတိုက်ပွဲမှာ လက်နက်ခဲယမ်းအများအပြား AA သိမ်းဆည်း

by Homeland Author

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း မြန်မာစစ်တပ်ဆီက လက်နက်ခဲယမ်းအများအပြားကို အာရက္ခတပ်တော် (AA) က သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

AA ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ပြန်လည်ရရှိဖို့အတွက် စစ်တပ်ဘက်က စစ်ကြောင်းထိုးတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပြီး နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်အတွင်း မြန်မာစစ်တပ်ဘက်က ပုဏ္ဏားကျွန်း၊ တောင်ကုတ်နဲ့ ဂွမြို့နယ်တွေကို လေယာဉ်တွေနဲ့ ဒရုန်းတွေ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

စစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်း ကြည်း၊ ရေ၊ လေ အင်အားတွေ အသုံးပြုပြီး စစ်ဆင်ရေးတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ သံတွဲနဲ့ ဂွမြို့နယ်တွေမှာလည်း ပင်လယ်ပြင်က ရေတပ်သင်္ဘောတွေနဲ့ ပစ်ခတ်ပြီး ကမ်းတက်စစ်ဆင်ရေးတွေ လုပ်ဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တစ်ဝိုက်မှာ နှစ်ဖက်စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေပါတယ်။ စစ်တွေမြို့အခြေစိုက် တပ်ရင်းတွေကနေ AA ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြန်မာစစ်တပ်က ရခိုင်ပြည်နယ်အတွင်း ဂျက်တိုက်လေယာဉ်တွေနဲ့ ဒရုန်းတွေ အသုံးပြုပြီး နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံတွေ သေဆုံးတာ၊ ထိခိုက်ဒဏ်ရာရတာနဲ့ နေအိမ်၊ အဆောက်အအုံတွေ ပျက်စီးဆုံးရှုံးတာတွေ မြင့်တက်နေတယ်လို့ AA က ပြောထားပါတယ်။

related posts

Leave a Comment