Home » အင်းတော်ကြီး၊ ဆယ်ဇင်းတို့မှာ SNA နဲ့ KIA တို့ တိုက်ပွဲဖြစ်

အင်းတော်ကြီး၊ ဆယ်ဇင်းတို့မှာ SNA နဲ့ KIA တို့ တိုက်ပွဲဖြစ်

by Homeland Author

မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ လုံးတုံကျေးရွာအနီးမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) တို့အကြား ဒီနေ့ ဇူလိုင် ၁၆ ရက် မနက် ၃ နာရီဝန်းကျင်မှာ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

အဆိုပါ လုံးတုံတိုက်ပွဲအတွင်း လက်နက်ငယ်၊ လက်နက်ကြီးပစ်ခတ်သံတွေကို ကြားနေရပြီး အသေးစိတ်အခြေအနေကိုတော့ မသိရှိရသေးဘူးလို့ မမုန်ကိုင်ဒေသခံတစ်ဦးက ပြောပါတယ်။

အခုလ ဇူလိုင် ၂ ရက်နေ့ကလည်း လုံးတုံအနီးရှိ KIA ရဲ့ စခန်းကုန်းတွေဖြစ်တဲ့ ပတ္တမြားတောင်နဲ့ ဟိုဖာကုန်းကို SNA က သိမ်းပိုက်ရရှိခဲ့ပြီး နှစ်ဖက်စစ်ရေး တင်းမာနေရာမှ အခုလို တိုက်ပွဲဖြစ်ပွားလာတာလို့ သိရပါတယ်။

အလားတူ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် နဲ့ ကချင်ပြည်နယ်အစပ်မှာရှိတဲ့ တောင်ဦးကျေးရွာအုပ်စုတွေမှာ SNA နဲ့ KIA တို့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ၁၂ လပိုင်းတုန်းက SNA နဲ့ KIA တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တဲ့ ရွှေတွင်းကျေးရွာအုပ်စု ရွှေတွင်းကျေးရွာ၊ ရွှေပြည်မြင့်ကျေးရွာ၊ လမ်းဆုံမှော်၊ ရာလားတီးကျေးရွာ၊ ပါဟုတ်ကြီးကျေးရွာ၊ တောင်ဦးအုပ်စု ဟော်ဆိုင်ကျေးရွာ၊ တာမယ်ပုတ်ကျေးရွာ၊ ငှက်ပျောတောမှော်၊ သဲပူကော် (ဆိုင်ပူကော်)၊ စုံတွဲမှော်တွေက နေအိမ်အများအပြားကို KIA က မီးရှို့ဖျက်ဆီးခဲ့တဲ့ ဖြစ်စဉ်တွေရှိခဲ့ပါတယ်။

အဲဒီနောက် ဟုမ္မလင်းမြို့နယ် ရွှေတွင်းကျေးရွာအုပ်စု ရာလားတီး နဲ့ ပါဟုတ်ကြီးကျေးရွာအတွင်း ရွာလမ်းတွေ၊ အိမ်တွေကို ဖျက်ဆီးပြီး KIA နဲ့ ရွှေလုပ်ငန်းရှင်အချို့ ပူးပေါင်းကာ ပြည်သူလူထုတို့ ကန့်ကွက်နေတဲ့ကြားက လက်နက်ပြချိန်းခြောက်ကာ ရွှေတူးဖော်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် လက်ရှိမှာ SNA က အဆိုပါ ကျေးရွာတွေကို ပြန်လည်ထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုကြပါတယ်။

ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) နဲ့ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) တို့အကြား ဟုမ္မလင်းမြို့နယ် ရွှေပြည်အေး၊ ဆယ်ဇင်း၊ မိုးညှင်းမြို့နယ် အင်းတော်ကြီး ဒေသ၊ မိုးကောင်းမြို့နယ်၊ ဗန်းမောက်မြို့နယ်တို့မှာ မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။

related posts

Leave a Comment