Home » မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးဟာ နေပြည်တော်မှာ မရှိတော့ဘူးလို့ SCEF ပြော

မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးဟာ နေပြည်တော်မှာ မရှိတော့ဘူးလို့ SCEF ပြော

by Homeland Author

လက်ရှိ မြန်မာ့နိုင်ငံရေးရဲ့ အရှိတရားဟာ အခြေခံကျကျ ပြောင်းလဲသွားပြီဖြစ်ပြီး ဒီနေ့ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးဟာ နေပြည်တော်မှာ မရှိတော့ဘူးလို့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) က သဘောထား ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အာဆီယံ ဥက္ကဋ္ဌရဲ့ ဖိတ်ကြားချက်အရ SCEF အဖွဲ့ဝင်များဖြစ်ကြတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီပြည်၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့အပြင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ စစ်တပ်တို့အပါအဝင် ထိုင်း၊ ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အဲဲဒီ တွေ့ဆုံဆွေးနွေးမှုတွေဟာ SCEF နဲ့ စစ်အာဏာရှင်တွေအကြား တရားဝင် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ သို့မဟုတ် စေ့စပ်ညှိနှိုင်းမှု လုပ်ငန်းစဉ် စတင်ခြင်းလို့ အဓိပ္ပါယ် မကောက်ယူသင့်ကြောင်းလည်း SCEF က ဆိုပါတယ်။

ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး SCEF ရဲ့ သဘောထားထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးဟာ နေပြည်တော်မှာပဲ သီးသန့် မရှိတော့ဘဲ တိုင်းပြည်ရဲ့ နေရာအများအပြားမှာ အုပ်ချုပ်ရေးကို ပြည်နယ်/ယူနစ်အခြေခံဖြင့် ဆောင်ရွက်နေကြပြီဖြစ်တယ်လို့ ဆိုပါတယ်။

အလားတူ ဒေသကိုယ်စားပြုအာဏာပိုင်တွေက နယ်မြေအတွင်းအုပ်ချုပ်ရေး၊ ပြည်သူ့လုံခြုံရေး၊ တရားစီရင်ရေး၊ ပြည်သူ့ဝန်ဆောင်မှုတွေ နဲ့ ၎င်းတို့သက်ဆိုင်ရာပြည်သူတွေရဲ့ နိုင်ငံရေးဆန္ဒတွေကို ကိုယ်စားပြု၍ ဆောင်ရွက်နေကြပြီဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ ပကတိအရှိတရားတွေက တိုင်းပြည်ရဲ့ နိုင်ငံရေးအခင်းအကျင်းကို အခြေခံအားဖြင့် ပြောင်းလဲသွားပြီဖြစ်ပြီး မည်သည့်ယုံကြည်စိတ်ချရတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မဆို အဆိုပါ တရားဝင်နိုင်ငံရေးအာဏာပိုင်တွေကို အသိအမှတ်ပြု ပြီး ထိတွေ့ဆက်ဆံမှုပြုရမယ်လို့ ဆိုပါတယ်။

အရင် ယူဆချက်တွေကို အခြေခံ၍တည်ဆောက်တဲ့ နိုင်ငံရေးအစီအမံတွေဟာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းပေးနိုင်မှာ မဟုတ်ဘဲ အချိန်မတန်မီ နိုင်ငံရေးပုံမှန်ပြန်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်မှုဟာ လက်ရှိကွဲပြားနေတဲ့ နိုင်ငံရေးအခြေအနေတွေကို ပို၍ ဆိုးဝါးစေမယ်လို့ ပြောပါတယ်။

SCEF နဲ့ People Movement Platform အဖွဲ့အစည်းတို့ တွေ့ဆုံစဉ် (SCEF)

SCEF ဟာ နိုင်ငံရေးအဖြေရှာမှုကို စေ့စပ်ညှိနှိုင်းမှုဖြင့် ရရှိစေဖို့ ဆက်လက်ကတိကဝတ် ထားရှိကြောင်း သို့သော်လည်း ဆွေးနွေးညှိနှိုင်းမှုတွေဟာ ၎င်းကိုယ်တိုင်အတွက်ပန်းတိုင် မဟုတ်ဘဲ မိမိတို့ရဲ့ ရည်မှန်းချက်မှာ နိုင်ငံရေးပုံမှန်ပြန်လည်တည်ဆောက်ရေး မဟုတ်ကြောင်း ဆိုပါတယ်။

မိမိတို့ရဲ့ ရည်မှန်းချက်မှာ စစ်တပ်အာဏာလွှမ်းမိုးမှုကို အဆုံးသတ်ပြီး၊ ပဋိပက္ခကို ဖြစ်စေတဲ့ အရင်းခံအကြောင်းရင်းတွေကို ဖြေရှင်းကာ တန်းတူညီမျှမှု၊ မျှဝေကျင့်သုံးသောအချုပ်အခြာအာဏာ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဒီမိုကရေစီအရ ပါဝင်မှု၊ တရားဥပဒေစိုးမိုးရေး၊ မတူကွဲပြားမှုကို လေးစားမှုနဲ့ အရပ်သားအစိုးရအုပ်ချုပ်မှုတို့အပေါ် အခြေခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတစ်ရပ်ကို တည်ဆောက်နိုင်မယ့် နိုင်ငံရေး အသွင်ကူးပြောင်းရေး ဖြစ်တယ်လို့ ပြောပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ဖြစ်ပေါ်ခဲ့တဲ့ စစ်တပ် နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းပူးပေါင်းတပ်တို့ရဲ့ တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုတို့က မြို့အများအပြားကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကာ အုပ်ချုပ်ရေးယန္တယားတွေ လည်ပတ်နိုင်ရေး ဆောင်ရွက်လျက်ရှိနေတယ်လို့လည်း သိရပါတယ်။

related posts

Leave a Comment