Home » လားရှိုးမြို့မှာ ရှော့ခ်တိုက်ဒုံး ၄ လုံး ကျရောက်ပေါက်ကွဲ၍ အမျိုးသမီးတစ်ဦး သေဆုံး

လားရှိုးမြို့မှာ ရှော့ခ်တိုက်ဒုံး ၄ လုံး ကျရောက်ပေါက်ကွဲ၍ အမျိုးသမီးတစ်ဦး သေဆုံး

by Homeland Author

သျှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့အတွင်း ဒီနေ့ ဇူလိုင် ၉ ရက် ညနေ ၅ နာရီဝန်းကျင်မှာ ရှော့ခ်တိုက်ဒုံး ၄ လုံး ကျရောက် ပေါက်ကွဲပြီး အမျိုးသမီးတစ်ဦး ထိမှန်သေဆုံးသွားခဲ့တယ်လို့ SSPP Info ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ရှော့ခ်တိုက်ဒုံးတစ်လုံးမှာ လားရှိုး အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး၊ တစ်လုံးမှာ အမှတ် (၆၂6) တပ်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဆိုပါတယ်။

ဒါ့အပြင် တစ်လုံးမှာ ရပ်ကွက် (၆) ရှိ ရွှေလီကျောင်းတိုက်အနီး ဒေသခံ နေအိမ်တစ်လုံးပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့ပြီး ကျန်တစ်လုံးမှာ ရပ်ကွက် (၁၀) အတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်းဆိုပါတယ်။

အဆိုပါ ရှော့ခ်တိုက်ဒုံးတွေနဲ့ လားရှိုးမြို့အတွင်း ပစ်ခတ်မှုကြောင့် ရပ်ကွက် (၁၀) မှာ နေထိုင်တဲ့ အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး ထိမှန်ပြီး အခင်းဖြစ်ပွားရာနေရာမှာပဲ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

စစ်တပ်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့အတွင်း အဆိုပါ ရှော့ခ်တိုက်ဒုံးတွေကို ဘယ်လက်နက်ကိုင်အဖွဲ့အစည်းက ပစ်ခတ်ခဲ့သလဲဆိုတာကို အတည်မပြုနိုင်သေးပေ။

ဒေသခံတစ်ဦးရဲ့ ပြောကြားချက်အရ အဲဒီ ရှော့ခ်တိုက်ဒုံးတွေဟာ ဆင်တောင်ဘက်နဲ့ မိုင်းယော်သွားလမ်းရှိ အမှတ် (၆၈) တပ်ဘက်တို့မှ ပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

လားရှိုးမြို့ကိုတော့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) က တိုက်ခိုက်သိမ်းပိုက်ထားပြီးနောက် တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုအရ စစ်တပ်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့တဲ့ မြို့လည်း ဖြစ်ပါတယ်။

related posts

Leave a Comment