စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ်ရှိ မဲဇာကျေးရွာ နဲ့ နန့်သဲကျေးရွာတို့ကို စစ်တပ်က ပြန်လည်သိမ်းပိုက်လိုက်တယ်လို့ ဇူလိုင် ၄ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ အင်းတော်မြို့ကို စစ်တပ်က ၂၀၂၆ ခုနှစ် ဧပြီ ၃၀ ရက်နေ့မှာ ပြန်လည်သိမ်းပိုက်ခဲ့တာပါ။ အဲဒီနောက် တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ဆည်ရွာ၊ နတ်မဟုတ်ကြီးရွာ၊ သံဘိုရွာတို့ကို ပြန်လည်သိမ်းပိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဇူလိုင် ၄ ရက်နေ့မှာတော့ မြစ်ကြီးနား – ရွှေဘို မီးရထားလမ်းပေါ်ရှိ မဲဇာကျေးရွာ နဲ့ မြစ်ကြီးနား – ရွှေဘို ကားလမ်းပေါ်ရှိ နန့်သဲကျေးရွာတို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာလို့ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီ စစ်ဆင်ရေးအတွင်း တိုက်ပွဲကြီး/ငယ် ၃၂ ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ အလောင်း ၇ လောင်း၊ လေယာဉ်ပစ် စက်သေနတ်အပါအဝင် လက်နက်မျိုးစုံ ၁၂ လက်၊ မော်တော်ယာဉ် ၂ စီး၊ Drone တွေ နဲ့ Drone ဗုံးသီးတွေ၊ ခဲယမ်းတွေအပြင် ဆက်စပ်ပစ္စည်းတွေ သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။
တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားပြီး စစ်ရေးအရအရေးပါတဲ့ အဓိကလမ်းကြောင်းတွေဖြစ်တဲ့ မန္တလေး-မြစ်ကြီးနား ကားလမ်းနဲ့ ရထားလမ်းပေါ်မှာတည်ရှိတဲ့ စစ်ကိုင်း-ကချင်အစပ်က မဲဇာ၊ အင်းတော်၊ နဘားနဲ့ မော်လူးတို့ကို စစ်တပ်က ပြန်သိမ်းသွားတယ်လို့ Indaw Revolution-IR ကလည်း ထုတ်ပြန်ခဲ့ပါတယ်။





