ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ အထိုင်စခန်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ မြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့က ဝင်ရောက် စီးနင်းချိန် PLA ထောင်ထားတဲ့ မိုင်းထိ၍ PDF တပ်ဖွဲ့မှ ၄ ဦး သေဆုံးသွားခဲ့ရတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ PDF စစ်ရုံးချုပ်က ဇွန် ၂၃ မှာ ထုတ်ပြန်ပါတယ်။
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဝဲလောင်းကျေးရွာနေ ဦးသန်းကို PLA က၂၀၂၆ ခုနှစ်၊ မေလ ၂၆ ရက်မှာ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ၎င်း၏ ဇနီးဖြစ်သူမှ တောင်သာမြို့နယ် ပလဖရုံးသို့ ဆက်သွယ်အကူအညီတောင်းလာခဲ့တယ်လို့ ဆိုပါတယ်။
NUG ရဲ ထုတ်ပြန်ချက်အရ ဇွန်လ ၁၈ ရက်နေ့မှာ ငွေညှစ်ခြိမ်းခြောက်ခံထားရတဲ့ ပြည်သူ ဦးသန်းကို (၇) ရက်အတွင်း ပြန်လွှတ်ပေးဖို့ နဲ့ သိမ်းဆည်းထားတဲ့ ပစ္စည်းတွေကို ကာယကံရှင်ထံသို့ ပြန်လည်ပေးအပ်ဖို့ တောင်သာမြို့နယ် ပကဖမှ PLA ထံသို့ လူကိုယ်တိုင်သွားရောက်ကာ စာပေးပို့ခဲ့ပြီး PLA မှ ပြန်မလွှတ်ပေးနိုင်ကြောင်း နဲ့ ပူးပေါင်းဆောင်ရွက်မှု မပြုလုပ်နိုင်ကြောင်း စာဖြင့် အကြောင်းပြန်ခဲ့တယ်လို့ ဆိုပါတယ်။
ဇွန်လ (၂၂) ရက်မှာ ဖမ်းဆီးခံရတဲ့ ဦးသန်းကို PLA မှ ပြန်လည်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း အကြောင်းပြန်ခဲ့ပြီး တောင်သာမြို့နယ်၊ ဝဲလောင်းရွာ နဲ့ ရွာသစ်ရွာကြားတွင် ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေနဲ့ သတိလစ်လျက် ပြန်လည်တွေ့ရှိခဲ့တယ်လို့ NUG က ဆိုပါတယ်။
အဲဒီနောက် ခရိုင်တွင်းမှာ နေထိုင်ခြင်းမရှိတော့တဲ့ PLA စခန်းတွေကို ဝင်ရောက်ခဲ့ရာမှာ ရဲဘော်တွေ အိပ်တဲ့ အိပ်ဆောင်နေရာတွေမှာ ရည်ရွယ်ချက်ရှိရှိ မိုင်းတွေ ထောင်ထားခဲ့ပြီး မိမိတို့ ရဲဘော် (၄) ဦး မိုင်းဒဏ်ရာဖြင့် သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။