အင်းတော်မြို့နယ် မော်လူးမြို့ အနောက်ဘက် နန့်ရုံရွာအနောက်တောဘက်ကို စစ်တပ်က မနေ့က ဇွန်လ ၆ ရက် ညနေ ၄ နာရီဝန်းကျင်မှာ လေယာ် ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်သွားတယ်လို့ Indaw Revolution-IR က အသိပေး ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေ နဲ့ ပတ်သက်ပြီး တစုံတရာ အသိပေးထုတ်ပြန်ထားခြင်း မရှိပါဘူး။
တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ကို စစ်တပ်က၂၀၂၆ ခုနှစ် ဧပြီ ၂၉ ရက်က ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။ အဲဒီနောက် မော်လူးမြို့ဘက်ကို ဆက်လက် စစ်ကြောင်းထိုးလာပြီး ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက်နေ့မှာ စစ်တပ်က ထိန်းချုပ်လိုက်ပါတယ်။

မော်လူးမြို့ အနောက်ဘက် နန့်ရုံရွာအနောက်တောဘက် လေကြောင်းတိုက်ခိုက်ခံရမှု
လက်ရှိမှာလည်း အင်းတော်၊ မော်လူးတို့မှာ စစ်တပ် နဲ့ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲအကြား အပြန်အလှန်ပစ်ခတ်မှု၊ လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်းဖြင့် တိုက်ခိုက်မှုတွေလည်း ရှိနေပြီး အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
အလားတူ အဲဒီ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူလူထုတွေကလည်း ဘေးကင်းရာဒေသသို့ အသီးသီး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။