စစ်တပ်ထံ လက်နက်ချအညံ့ခံသွားတဲ့ ရဲဘော် ၃၅ ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် TRI ဗျူဟာ(ဗျူဟာ အမှတ် ၉၃)က ဒီနေ့ ဧပြီ ၂၇ ရက်မှာ ထုတ်ပြန်ကြေညာလာပါတယ်။
စစ်တပ်မှာ လက်နက်ချအညံ့ခံသွားတဲ့ ရဲဘော် ၃၅ ဦးရဲ့ဓါတ်ပုံ၊ အမည်တွေနဲ့ နေရပ်လိပ်စာတွေကို ထုတ်ပြန်လာတာဖြစ်ပြီး ၎င်းတို့ကိုလည်း တပ်မှ ထုတ်ပယ်ပြီး အမည်ပျက်စာရင်းသွင်းလိုက်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အဲဒီ ရဲဘော်တွေဟာ တပ်မှ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကို ပြင်းထန်စွာ ဖောက်ဖျက်ကျူးလွန်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
၎င်းတို့ဟာ ရှေ့တန်းစစ်မျက်နှာပြင်မှာ ရဲဘော်ရဲဘက်တွေကို စွန့်ခွာကာထွက်ပြေးတာ၊ တပ်ပိုင်ပစ္စည်းတွေကို ခိုးယူတာ နဲ့ ငွေကြေးတွေကို အလွဲသုံးစားပြုလုပ်တာ၊ ရန်သူ့ထံသို့ လက်နက်ချအညံ့ခံတာ၊ လေကြောင်းတိုက်ခိုက်မှုပြုလုပ်နိုင်ဖို့ ပွိုင့် (Location) တွေ ပေးပို့တာ နဲ့ အခြားရဲဘော်တွေကို ရန်သူထံလက်နက်ချ အညံ့ခံဖို့ မြူဆွယ်စည်းရုံးတာ စတဲ့ သစ္စာဖောက်မှုတွေကို လုပ်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
စစ်တပ်ထံ လက်နက်ချပြီး ပူးပေါင်းသွားသူတွေထဲမှာ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က ၂၅ယောက်ပါဝင်ပြီး ချမ်းအေးသာစံ၊ သပိတ်ကျင်း၊ ပြည်ကြီးတံခွန်၊ အမရပူရ၊ ကလေးဝ၊ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် နဲ့ သျှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ ဇာတိက သူတွေဖြစ်ကြပါတယ်။
ဒါကြောင့် ၎င်းတို့အားလုံးကို တပ်မှ အပြီးတိုင်ထုတ်ပယ်ကာ “တပ်ပြေးနဲ့ တော်လှန်ရေးသစ္စာဖောက်လောက်ကောင်တွေ” အဖြစ် သတ်မှတ်၍ အမည်ပျက်စာရင်း (Blacklist) သွင်းထားကြောင်း အသိပေးထားပါတယ်။
၎င်းတို့နဲ့ ပတ်သက်တဲ့ ဘယ်လုပ်ငန်းဆိုင်ရာ ကိစ္စရပ်တွေကိုမဆို မိမိတို့ ဗျူဟာမှ တာဝန်ယူဖြေရှင်းပေးမှာ မဟုတ်ကြောင်းနဲ့ ၎င်းတို့ရဲ့ ပြစ်မှု၊ ပြစ်ဒဏ်တွေအတွက်လည်း ပြင်းထန်စွာ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမယ်လို့ အသိပေး ထုတ်ပြန်ကြေညာထားပါတယ်။
စစ်တပ်က TNLA၊ MDY-PDF၊ TRIဗျူဟာ တို့အပါအဝင် မန္တလေးတိုင်းအတွင်းမှာ လက်နက်ကိုင်လှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၅၀၀ ကျော် လက်နက်ချအလင်းဝင်လာတာကြောင့် လက်ခံကြိုဆိုပွဲကို အခုလ ဧပြီ ၂၄ ရက်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ မန္တလေးတိုင်းအစိုးရအဖွဲ့ နဲ့ တာဝန်ရှိသူတွေကပြုလုပ်ခဲ့ပါတယ်။