Home စစ်ရေး ဗန်းမောက်မြို့အနီး နတလကို SNA ပြန်သိမ်း

ဗန်းမောက်မြို့အနီး နတလကို SNA ပြန်သိမ်း

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အနီး စစ်ရေးအရ အရေးပါတဲ့ နတလကျောင်း (နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကျောင်း) ကို ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပြန်သိမ်းလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

ဒီနေ့ နိုဝင်ဘာ ၁၇ ရက် နေ့လည် ၁၂ နာရီကျော်မှာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ကြောင်း၊ ကချင်လက်နက်ကိုင်အဖွဲ့ (KIA)၊ PDF နဲ့ KaDu Army (ကတူးအာမီ) တို့ ပြန်ဆုတ်ချိန် နေအိမ်တွေကို မီးရှို့သွားတယ်လို့ အမည်မဖော်လိုတဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“နတလကိုတော့ ပြန်ရပြီ၊ ဒီနေ့ နေ့လည်ပိုင်းက ရတယ်။ နတလဆိုတာ ဗန်းမောက်မြို့အထွက်ပေါ့၊ သူတို့ ဆုတ်သွားတော့ အိမ်တွေ မီးရှို့သွားတယ်။ သူတို့ ဆုတ်ဖို့ ပြင်ကတည်းက မီးရှို့နေပြီ။ နတလ အနီးအားမှာ ရှိတဲ့ အိမ်တွေကို အကုန်လုံး မီးရှို့သွားတယ်။ လမ်းဆုံနားဟာလည်း မီးရှို့သွားတယ်၊ နောက် ဗန်းမောက်အထွက် နောင်မဲလုံရွာမှာလည်း မီးရှို့သွားတယ်” လို့ ပြောပါတယ်။

KIA၊ PDF နဲ့ KaDu Army (ကတူးအာမီ) တို့ ခံစစ်အမာခံပြုလုပ်ထားတဲ့ နတလကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သော်လည်း ၎င်းအဖွဲ့တွေဟာ ဗန်းမောက်မြို့ရဲ့ စာသင်ကျောင်း၊ ၃ ထပ်အိမ်၊ ၂ ထပ်အိမ် နဲ့ အထပ်မြင့်တွေမှာ အခိုင်အမာပြုလုပ်၍ ခံစစ်ပြင်နေတယ်လို့ သိရပါတယ်။

“မြို့ထဲမှာက KaDu Army (ကတူးအာမီ) နဲ့ အင်းတော် – PDF အဖွဲ့တွေ အဓိက ကျန်တယ်။ ကျန်တဲ့ဟာတွေလည်း ရှိပါတယ်။ သူတို့လောက်တော့ သိပ်မများဘူးပေါ့” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့က KIA၊ PDF နဲ့ KaDu Army (ကတူးအာမီ) တို့ ဗန်းမောက်မြို့သိမ်းတိုက်ပွဲဟုဆိုကာ အင်အားအလုံးအရင်းဖြင့် SNA ထိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့ကို ထိုးစစ်ဆင်တိုက်ခဲ့ပါတယ်။

ဆက်လက်၍ SNA ထိန်းချုပ်ဒေသဗန်းမောက်မြို့အနောက်ခြမ်းအထိ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး နယ်မြေအများအပြားကို သိမ်းပိုက်နိုင်ခဲ့တာပါ။

အဲဒီနောက် SNA က ပြန်လည်၍ ထိုးစစ်ဆင်ခဲ့ရာ ဗန်းမောက်မြို့အနီးဝန်းကျင်ဒေသအများအပြားကို ပြန်လည်ရရှိခဲ့ပြီး လက်ရှိမှာတော့ စစ်ရေးအရ အရေးပါတဲ့ နတလကို SNA က ပြန်လည်သိမ်းပိုက်နိုင်တာပဲ ဖြစ်ပါတယ်။

related posts

Leave a Comment