ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – မန္တလေး (MDY-PDF) က ရရှိထားတဲ့ ထိန်းချုပ်နယ်မြေတွေကို မိတ်ဖက် တော်လှန်ရေးအင်အားစုတွေနဲ့လက်တွဲကာ ဆက်လက်ကာကွယ်ထိန်းသိမ်းနိုင်ရေး ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း တအာင်းတပ် (TNLA) နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားခဲ့တဲ့ မိုးကုတ်မြို့မှ TNLA တပ်တွေ ပြန်လည်ဆုတ်ခွာမယ်လို့ ကြေညာထားသော်လည်း NUG လက်အောက်ခံ MDY-PDF အပါအဝင် ပူးပေါင်းတပ်တွေက ဆက်လက်ထိန်းချုပ်မှာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်တပ် နဲ့ TNLA တို့ဟာ အောက်တိုဘာ ၂၇ ရက်၊ ၂၈ ရက်တို့မှာ တရုတ်ကြားဝင်မှုဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့မှာ ၉ ကြိမ်မြောက်အဖြစ် တွေ့ဆုံပြီး TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်၊ မိုးမိတ်မြို့တို့မှ ပြန်လည် ဆုတ်ခွာဖို့ သဘောတူညီခဲ့ကြပါတယ်။
မိုးကုတ်မြို့မှ TNLA ဆုတ်ခွာမည်ဟု ကြေညာပြီးနောက် MDY-PDF ကလည်း ရရှိထားသည့် ထိန်းချုပ်နယ်မြေတွေကို မဟာမိတ်တွေနဲ့ ဆက်လက်ထိန်းချုပ်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ခဲ့တာပါ။
ဒါ့အပြင် MDY-PDF ဟာ မိမိတို့ရဲ့ ဘုံရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေး နဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး တိုက်ပွဲတွေကို ဆထက်ထမ်းပိုး ဦးလည်မသုန် ဆက်လက်ဖော်ဆောင်သွားမယ်လို့ အသိပေးထားပါတယ်။