တအာင်းတပ်ဖွဲ့ (TNLA) ထိန်းချုပ်ထားတဲ့ သျှမ်းပြည်မြောက်ပိုင်း မိုင်းငေါ့ နဲ့ မိုင်လုံမြို့တို့မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ်တွေ၊ အမျိုးသမီးတွေ အပါအဝင် သေဆုံးသူ ၁၂ ဦး နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးအထိရှိခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ အောက်တိုဘာလ ၈ ရက် မနက် ၁၁ နာရီ ၅ မိနစ်အချိန်မှာ မိုင်းငေါ့မြို့နယ် မန်လုံရပ်ကွက် ရဲစခန်းရှေ့ကို စစ်တပ်က ပေါင် ၂၅၀ ဗုံးနှစ်လုံး၊ ဈေးရပ်ကွက်ကို ရော့ကဒ်ဗုံးနှစ်လုံး နဲ့ တာလုံရပ်ကွက်ကို ရော့ကဒ်ဗုံးနှစ်လုံးတို့ဖြင့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း TNLA က ထုတ်ပြန်ထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုကြောင့် အမျိုးသား ၁ ဦး နဲ့ အမျိုးသမီး ၁ ဦး သေဆုံးသွားရပြီး အသက် ၁၈ နှစ်အောက် အမျိုးသမီး ၁ ဦး၊ အသက် ၅၀ အရွယ် အမျိုးသား ၁ ဦးတို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ မနေ့က အောက်တိုဘာလ ၇ ရက် နေ့လယ် ၁၂ နာရီ ၃၀ မိနစ်မှာ မိုင်းလုံမြို့နယ်၊ မန်ဟုန်းကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ပေါင် ၂၅၀ ဗုံးနှစ်လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၁ ဦးအပါအဝင် ပြည်သူလူ ၁၀ ဦးသေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နဲ့ နေအိမ် ၆ အိမ်လည်း ဗုံးစထိမှန်၍ ပျက်စီးသွားတယ်လို့ TNLA က ပြောပါတယ်။
သေဆုံးသူ ၁၀ ဦးမှာ အသက် ၂ နှစ်အရွယ် မောင်အိုက်ဦး၊ အသက် ၂၂ နှစ်အရွယ် မအေးတိတ်၊ အသက် ၂၅ နှစ်အရွယ် မလှစိန်၊ အသက် ၂၇ နှစ်အရွယ် ကိုအိုက်ထက်၊ အသက် ၂၉ နှစ်အရွယ် ကိုစိုင်းအောင်ဆာ၊ အသက် ၂၉ နှစ်အရွယ် မခင်ပ၊ အသက် ၃၅ နှစ်အရွယ် ကိုစံပွင့်၊ အသက် ၃၇ နှစ်အရွယ် ကိုအိုက်ဆန်ကြာ၊ အသက် ၃၉ နှစ်အရွယ် ဒေါ်အေးမေနှင့် အသက် ၄၅ နှစ်အရွယ် ဒေါ်အုန်းခင်တို့ဖြစ်တယ်လို့ ဆိုပါတယ်။
မနေ့က မနက် ၇ နာရီခွဲကျော်အချိန်မှာလည်း စစ်တပ်ဟာ နမ္မတူမြို့ ရပ်ကွက် ၈ ကို ပေါင် ၅၀၀ ဗုံးဖြင့် တိုက်ခိုက်ခဲ့၍ ပုဗ္ဗာရုံဘုန်းကြီးကျောင်း ၄ ဆောင် ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLA က ပြောပါတယ်။