Home စစ်ရေး ဗန်းမောက်မြို့အနီးက စက်တော၊ ခမိုးကျေးရွာကို SNA ပြန်သိမ်း

ဗန်းမောက်မြို့အနီးက စက်တော၊ ခမိုးကျေးရွာကို SNA ပြန်သိမ်း

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့အနီးရှိ စက်တောကျေးရွာ နဲ့ ခမိုးကျေးရွာတွေကို ရှမ်းနီအမျိုးသားများ တပ်တော် (SNA) က ပြန်လည်သိမ်းပိုက်လိုက်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

အဆိုပါ ကျေးရွာတွေကို ကချင်လက်နက်ကိုင်ဖွဲ့ (KIA) ဦးဆောင်တဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့ ဗန်းမောက်မြို့သိမ်းတိုက်ပွဲ စတင်ခဲ့ပြီးနောက် ထိန်းချုပ်နိုင်တာပဲ ဖြစ်ပါတယ်။

လက်ရှိမှာ အဆိုပါ ကျေးရွာတွေကို SNA က ပြန်ထိန်းချုပ်နိုင်ခဲ့သလို ဗန်းမောက်မြို့အနီးမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက “အခုက စက်တောကို SNA ပြန်ရသွားပြီ၊ ခမိုးလည်း ရပြီတဲ့။ အဲရွာတွေက ဗန်းမောက်မြို့နဲ့ နီးနီးလေးပဲ၊ တမိုင်တောင် မပြည့်ဘူး” လို့ ပြောပါတယ်။

အဆိုပါ စက်တောကျေးရွာနဲ့ ခမိုးကျေးရွာတွေကို အောက်တိုဘာ ၆ ရက်နေ့က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး စက်တောကျေးရွာ တိုက်ပွဲအတွင်း KIA နဲ့ လက်အောက်ခံအဖွဲ့တို့ ၃ ဦး သေဆုံးအလောင်းတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဗန်းမောက်မြို့အနီး တိုက်ပွဲပြင်းထန်နေပြီး စခန်းကုန်းတွေ လက်လွှတ်နေရတဲ့အတွက် SNA ထိန်းချုပ်ထားတဲ့ ကြောင်လည်ကျေးရွာကို လာရောက်တိုက်ခိုက်နေတယ်လို့လည်း အဆိုပါ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။

“ဒီနေ့မနက် SNA ထိန်းချုပ်ထားတဲ့ ကြောင်လည်ကို KIA အဖွဲ့တွေ လာတိုက်နေတယ်လို့ ကြားတယ်၊ ကြည့်ရတာ သူတို့ စခန်းကုန်းတွေ လက်လွှတ်ရတာများလို့ အာရုံပြောင်းချင်တာနဲ့ တူတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ- ၁၅ ရက်နေ့က ဗန်းမောက်မြို့ကို KIA ဦးဆောင်တဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် SNA ထိန်းချုပ်ဒေသတွေကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ KIA/PDF တို့ရဲ့ ဗန်းမောက်မြို့သိမ်းတိုက်ပွဲကြောင့် မြို့ခံအများအပြား အပါအဝင် အနီးအနားကျေးရွာရှိ ဒေသခံပြည်သူအများစုဟာ ဘေးကင်းရာသို့ တိုက်ပွဲရှောင်နေကြရတယ်လို့ သိရပါတယ်။

related posts

Leave a Comment