Home စစ်ရေး ကျောက်မဲမှာ တိုက်ပွဲကြောင့် ပြည်သူ ၈ ထောင်ကျော် နေရပ်စွန့်ခွာရ

ကျောက်မဲမှာ တိုက်ပွဲကြောင့် ပြည်သူ ၈ ထောင်ကျော် နေရပ်စွန့်ခွာရ

by Homeland Author

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု နဲ့ မြေပြင်တိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၈၆၀၀ ကျော် နေရပ်စွန့်ခွာတိမ်းရှောင်နေရတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဒီနေ့ စက်တင်ဘာ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။

လေကြောင်း နဲ့ လက်နက်ကြီးတွေဖြင့် တိုက်ခိုက်မှုတွေဟာ ကျောက်မဲမြို့၏ အနောက်တောင်ဘက် ကီလိုမီတာ ၂၀ အကွာရှိ နောင်ပိန်ကျေးရွာအုပ်စုကို အဓိက ပစ်မှတ်ထားခဲ့ကြောင်း၊ အဆိုပါ နေရာမှာ နောင်ချိုမှ ချီတက်လာတဲ့ စစ်တပ်တွေက မူဆယ်-မန္တလေး ကားလမ်းမပေါ်မှ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကို ရှင်းလင်းဖယ်ရှားဖို့ ကြိုးပမ်းနေခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဗုံးတွေနဲ့ လက်နက်ကြီးကျည်တွေဟာ နောင်ပိန်ကျေးရွာ အုပ်စုကို ဖြတ်သန်းသွားတဲ့ တရုတ်နိုင်ငံရဲ့ ရေနံ နဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေအနီး အန္တရာယ် ရှိလောက်အောင် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

ဩဂုတ်လ ၁၈ ရက်နေ့မှစ၍ ဂုတ်ထိပ်တံတားရှိ စစ်တပ်က နောင်ပိန် နဲ့ အနီးတဝိုက် ကျေးရွာတွေကို လက်နက်ကြီးကျည်၊ ဒရုန်းဗုံးတွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့ပြီး ဩဂုတ်လ ၁၉ ရက်နေ့မှာ စစ်တပ် တပ်ဖွဲ့ဝင် ၇၀၀ ခန့်ဟာ နောင်ပိန်ရဲ့ အရှေ့တောင်ဘက်လေးကီလိုမီတာအကွာ ထန်းတပင်ကျေးရွာသို့ ဝင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

ဩဂုတ်လ ၂၀ ရက်နေ့ မနက် ၁၀ နာရီခွဲမှာ အနီးအနားကျေးရွာတွေမှ စစ်ဘေးရှောင် ၃၀၀ ခန့် ခိုလှုံနေတဲ့ ပင်တီးဘုန်းကြီးကျောင်းပေါ်သို့ ပေါင် ၅၀၀ ဗုံးတစ်လုံး တိုက်ရိုက်ကျဲချခဲ့ပြီး အရပ်သား ၁၁ ဦးသေဆုံးကာ ၁၀ ဦးမှာနေရာမှာပဲ သေဆုံးခဲ့ပြီး တစ်ဦးမှာ စက်တင်ဘာ ၄ ရက်နေမှာ လားရှိုးဆေးရုံမှာ သေဆုံးခဲ့ပြီး ၃၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ကျောက်မဲမြို့နယ်အတွင်းရှိ လေကြောင်းတိုက်ခိုက်မှုတွေဟာ ဘုန်းကြီးကျောင်းတွေကို တိုက်ရိုက်ပစ်မှတ်ထားပြီး နောင်ပိန်ရှေ့တန်းစစ်မျက်နှာ တစ်ဝိုက်မှာသာမက ကျောက်မဲ နဲ့ မိုင်းငေါ့မြို့ပေါ်တွေပါ စက်တင်ဘာလ ၆ ရက်နေ့အထိ နေ့စဉ်ဆက်တိုက် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှုတွေကြောင့် နောင်ပိန်နဲ့ အနီးတဝိုက်ကျေးရွာများမှ သက်ကြီးရွယ်အို၊ အမျိုးသမီးနဲ့ ကလေးသူငယ်အများစု ပါဝင်တဲ့ ကျေးရွာသား ၈၀၀၀ ကျော်ဟာ ကျောက်မဲမြို့နယ်တောင်ပိုင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ထိန်းချုပ်နယ်မြေရှိ ကျေးရွာ ၄၀ ကျော်နဲ့ အချို့မှာ သီပေါမြို့အရှေ့မြောက် ဘက်ရှိကျေးရွာတွေကို ထွက်ပြေးခိုလှုံခဲ့ကြရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲရှောင်အများစုဟာ ကျေးရွာဘုန်းကြီး ကျောင်းတွေမှာ ခိုလှုံနေကြပြီး သောက်သုံးရေ၊ အစားအသောက်၊ ဆေးဝါးနဲ့ အခြားအခြေခံလိုအပ်ချက်တွေ ပြတ်လပ်မှု နဲ့ ရင်ဆိုင်နေရပြီး နောင်ပိန်မှ ထွက်ပြေးလာတဲ့ ကျေးရွာသားတွေဟာ ဩဂုတ်လ ပထမပတ်အတွင်း ရေကြီးမှုဒဏ်ကိုလည်း ခံစားခဲ့ကြရတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

related posts

Leave a Comment