နှစ်ဖက်အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့ CDF -Hualngoram နဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) တို့ကြား ပဋိပက္ခကို တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာကြဖို့ ချင်းညီနောင်အဖွဲ့က မနေ့က ဇူလိုင်လ ၃ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ ဇူလိုင် ၂ ရက်နေ့က CDF-Hualngoram နဲ့ CNDF တို့အကြား ဆွေးနွေးမှုတွေ မပြေလည်ဘဲ အချင်းချင်းသဘောထားတင်းမာရာကနေ အပြန်အလှန်ပစ်ခတ်တဲ့အထိ ပဋိပက္ခဖြစ်ပွားခဲ့ကြတယ်လို့ သိရပါတယ်။
ချင်းကိုင်တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေအကြား အငြင်းပွားမှုတွေကို တွေ့ဆုံဆွေးနွေးပြီး ညှိနှိုင်းဖြေရှင်းရေးကိုသာ အစဉ်တစိုက် လက်ကိုင်ထားတယ်လို့ ချင်းညီနောင်အဖွဲ့က ဆိုပါတယ်။

ဖလမ်းမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ CDF -Hualngoram နဲ့ CNDFတို့ကြား ပဋိပက္ခကို ချင်းညီနောင်အနေနဲ့ ပါဝင်ပတ်သက်မှာ မဟုတ်ဘဲ စစ်အာဏာရှင်ကို တော်လှန်နေတဲ့ ရည်မှန်းချက်တူ ချင်းလက်နက်ကိုင်အဖွဲ့အစည်းတွေအကြား တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းသော နည်းနဲ့ အဖြေရှာဖို့ တိုက်တွန်းတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် DF -Hualngoram နဲ့ CNDF တို့ကြား ဖြစ်ပေါ်နေတဲ့ ပဋိပက္ခအပေါ် အခြားပြင်ပ တော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း စစ်ရေးအရ ဝင်ရောက်စွက်ဖက်တာတွေကို ရှောင်ရှားကြဖို့ တိုက်တွန်းထားပါတယ်။
တခြားပြင်ပအဖွဲ့အစည်းတွေက ဝင်ရောက်ပက်သက်တာတွေဟာ လက်ရှိပြဿနာကို ပိုမိုဆိုးရွားစေပြီးသွေးထွက်သံယိုမှု ပိုမိုများပြားတဲ့ အခြေအနေကို ဦးတည်စေနိုင်တယ်လို့လည်း ချင်းညီနောင်က ဆိုပါတယ်။
ဒါကြောင့် သက်ဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းတွေဟာ ငြိမ်းချမ်းရေးနည်းလမ်းနဲ့ မဟုတ်ဘဲ စစ်ရေးအကူအညီပါဝင်လာရင်တော့ ချင်းညီနောင်အဖွဲ့က အဖွဲ့ဝင်ဖြစ်တဲ့ CNDF နဲ့အတူ မားမားမတ်မတ် ရပ်တည်သွားမယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။