Home » NCA အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်ဖို့ RCSS ပြော

NCA အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်ဖို့ RCSS ပြော

by Homeland Author

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အကောင်အထည်ဖော်မှုကို ပြန်လည်သုံးသပ်ဖို့ လိုအပ်တယ်လို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး စိုင်းငင်းက ပြောပါတယ်။

ဒီနေ့ အောက်တိုဘာ ၁၅ ရက်မှာ ကျင်းပတဲ့ NCA ၁၁ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် နိုင်ငံရေးအခြေအနေ ပြောင်းလဲသွားပြီးနောက်ပိုင်း NCA စာချုပ် အကောင်အထည်ဖော်ရေးလုပ်ငန်းတွေ ရပ်တန့်သွားခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာလည်း အစုအဖွဲ့လိုက် စုပေါင်းဆွေးနွေးဖော်ဆောင်တာမျိုး မရှိတော့ဘဲ တစ်ဖွဲ့ချင်းစီအလိုက် ဆွေးနွေးညှိနှိုင်းဆောင်ရွက်တဲ့ အခြေအနေမျိုး ဖြစ်လာတယ်လို့ ဆိုပါတယ်။

NCA စာချုပ်ဟာ ၁၁ နှစ်ပြည့်ပြီဖြစ်တာကြောင့် အကောင်အထည်ဖော်မှုကို ပြန်လည်သုံးသပ်ဖို့ လိုအပ်ကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာ စတင်ခဲ့တဲ့ NCA အကောင်အထည်ဖော်ရေးလုပ်ငန်းတွေဟာ ဒီနေ့အထိ အပြည့်အဝ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးတာကို တွေ့ရတယ်လို့ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောပါတယ်။

ဒေသခံပြည်သူတွေဟာ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေကို မခံစားရတာကြောင့် ၁၁ နှစ်ရှိပြီဖြစ်တဲ့ NCA စာချုပ်အပေါ် ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းလာခဲ့တယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ယုံကြည်မှုကို ဆွေးနွေးဖက်အချင်းချင်းကြား တည်ဆောက်နိုင်ခဲ့ခြင်း မရှိတာကြောင့် NCA အကောင်အထည်ဖော်ရေးလုပ်ငန်းတွေမှာ နှောင့်နှေးကြန့်ကြာမှု၊ တစ်ဆို့မှုနဲ့ အထစ်အငေါ့တွေ ရှိခဲ့ပြီး ရည်မှန်းချက်ပန်းတိုင်ကို မရောက်ရှိနိုင်ခဲ့ဘူးလို့ ပြောပါတယ်။

ဒါကြောင့် ယုံကြည်မှုတည်ဆောက်ရာမှာ တစ်ဦးချင်းအဆင့်ကနေ တစ်ဖွဲ့ချင်းစီနဲ့ ဆွေးနွေးဖက်အချင်းချင်းကြားအထိ တည်ဆောက်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

အတိတ်ကာလမှာ ၁၉၄၇ ခုနှစ် ပင်လုံသဘောတူညီချက်နဲ့ ပင်လုံကတိကဝတ်တွေကို လျစ်လျူရှုဖယ်ကြဉ်ခဲ့တာကြောင့် ပြည်ထောင်စုကို အတူတကွတည်ဆောက်ခဲ့ကြတဲ့ ကချင်တောင်တန်းဒေသ၊ ချင်းတောင်တန်းဒေသ၊ သျှမ်းပြည်နဲ့ ပြည်မခေါင်းဆောင်တွေကြား ယုံကြည်မှုတွေ ပျက်စီးခဲ့ရတဲ့ သာဓကတွေရှိခဲ့တာကို သတိပြုသင့်တယ်လို့ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောပါတယ်။

ငြိမ်းချမ်းရေးရရှိလိုတဲ့ နိုင်ငံရေးဆန္ဒ၊ တိကျရှင်းလင်းတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မူဝါဒ၊ ဖြေလျှော့မှုတွေ၊ တည်ငြိမ်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ယန္တရား၊ တန်းတူရည်တူရှိမှု၊ အပြန်အလှန်လေးစားမှု၊ အလွတ်သဘောဆွေးနွေးပွဲတွေ၊ နေရာဒေသ၊ ပြည်သူလူထုနဲ့ သက်ဆိုင်သူများ (Stakeholders) ရဲ့ ပါဝင်မှု၊ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အခန်းကဏ္ဍနဲ့ သတင်းမီဒီယာတွေရဲ့ ကူညီပံ့ပိုးမှု စတဲ့အချက်တွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်မယ်ဆိုရင် အားလုံးလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ ပြောပါတယ်။

related posts

Leave a Comment