နယ်မြေတည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေမယ့် အခြားလက်နက်ကိုင်အဖွဲ့တွေ နဲ့ ပူးပေါင်းပါဝင်ပါတ်သက်မှု မရှိစေရေး နှစ်ဖက်ထိန်းသိမ်းဆောင်ရွက်သွားဖို့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ကို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ပြောဆိုဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် ၊ ဇွန်လ ၁၂ ရက်နေ့က နေပြည်တော် NSPNC နဲ့ SSPP တို့ ငြိမ်ချမ်းရေး တွေ့ဆုံဆွေးနွေးစဉ် NSPNC ဘက်က ပြောကြားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီ တွေ့ဆုံဆွေးနွေးပွဲကို SSPP ဘက်မှ ဒုတိယဉက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ခွန်ဆိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ပြီး NSPNC ဘက်မှ ဉက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးရာပြည့်နဲ့ အတွင်းရေးမှူးဒုဗိုလ်ချုပ်ကြီး မင်းနိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြတာပါ။
SSPP ဘက်က (၁) နိုင်ငံရေးပြဿနာကို စစ်ရေးနည်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းသွားဖို့၊
(၂) တန်းတူရေးကိုအခြေခံပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံ ပြည်ထောင်စု ပေါ်ထွန်းလာရေးကို ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊
(၃) အရင်ကာလတွေမှာ ယုံကြည်မှုထိခိုက်ခဲ့တဲ့ ဖြစ်စဉ်တွေရှိခဲ့မှုအပေါ် သင်ခန်းစာယူပြီး ထပ်မံမဖြစ်ပွားအောင် အလေးထား ဆောင်ရွက်လျက်ရှိပြီး နှစ်ဖက်တပ်တွေအကြား အငြင်းပွားဖွယ်ရာ ကိစ္စရပ်တွေ ဖြစ်ပွားလာပါက တွေ့ဆုံညှိနှိုင်းခြင်းဖြင့် ပြေလည်အောင် ဖြေရှင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း။
(၄) လက်ရှိကာလမှာလည်း စစ်တပ် နဲ့ ထိတွေ့မှုမရှိသလို၊ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်မှုတွေလည်း မရှိကြောင်း။
(၅) မိမိတို့ ထိန်းချုပ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေး၊ မှုးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းတွေကို အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။
(၆) ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်လျက်ရှိတဲ့ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာစေဖို့ ကတ္တရာလမ်းခင်းခြင်း ၊ ပညာရေးကဏ္ဍမှာလည်း လိုအပ်လျက်ရှိတဲ့ စာသင်ဆောင်တွေ၊ ကျောင်းသုံး ပုံနှိပ်စာအုပ်တွေ နဲ့ သင်ကြားရေးဝန်ထမ်းဖြစ်တဲ့ ဆရာ၊ ဆရာမတွေ တိုးမြှင့်ခန့်ထားပေးဖို့။
(၇) SSPP ထိန်းချုပ်နယ်မြေအတွင်းရှိ ဒေသခံပြည်သူတွေ အသုံးပြုဖို့အတွက် လိုအပ်တဲ့စက်သုံးဆီတွေကို အချိန်နဲ့တပြေးညီ သယ်ဆောင်ခွင့်ပြုဖို့ စတဲ့ အချက် (၇) ချက်ကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် NSPNC ဘက်က ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်တွေကို စာရင်းဇယားတွေပြုစုပြီး NSPNC ထံပေးပို့ဖို့ နဲ့ သက်ဆိုင်ရာသို့် တင်ပြညှိနှိုင်းဆောင်ရွက်ပေးသွားမယ်ဖြစ်ကြောင်း၊ အွန်လိုင်းလိမ်လည်မှုနဲ့ မှုးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွေအတွက် ဒေသရှိအစိုးရတာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး အလေးထားဆောင်ရွက်သွားဖို့ လိုတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒေသတည်ငြိမ်ရေး၊ ဖွံ့ဖြိုးရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ပြီး နောက်တစ်ဆင့် တက်လှမ်း၍ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးတည် ဆောက်သွားဖို့ လိုအပ်ပြီး လက်ရှိရရှိထားတဲ့ ငြိမ်းချမ်းရေးရလဒ်တွေ တည်ငြိမ်မှုရှိစေဖို့ ဆက်လက်ထိန်းသိမ်းထားကာ နယ်မြေတည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေမယ့် အခြားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းပါဝင်ပါတ်သက်မှု မရှိစေရေး နှစ်ဖက်ထိန်းသိမ်းဆောင်ရွက်သွားဖို့ ပြောကြားခဲ့ပါတယ်။
ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် သဘောတူညီချက်(Bilateral Agreements) တွေကိုလည်း လေးစားအသိမှတ်ပြုပြီး ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၆ ခုနှစ် ဇူလိုင်လ နောက်ဆုံးပတ်အတွင်း နေပြည်တော်မှာ SSPP နဲ့ NSPNC တို့ နောက်တစ်ကြိမ် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ ပြုလုပ်သွားဖို့ လျာထားကြောင်း သိရပါတယ်။