ရှမ်းနီတိုင်းရင်းသား နဲ့ ကတူးတိုင်းရင်းသားတွေ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲစေဖို့ နဲ့ ဒေသတွင်းတည်ငြိမ်အေးချမ်းမှုရရှိစေဖို့ ရှမ်းနီကတူးအရပ်ဖက်အဖွဲ့စည်းတွေမှ ပေါင်းကူးလက်တွဲကာ ချိတ်ဆက်ဆောင်ရွက်လိုတယ်လို့ ကတူးလူငယ်များအဖွဲ့ချုပ်က ပြောပါတယ်။
ထို့အတူ ကတူးအရပ်ဖက်အဖွဲ့စည်းတွေမှ ရှမ်းနီအရပ် ဖက်အဖွဲ့စည်းတွေ နဲ့ လက်တွဲချိတ်ဆက်ကာ စစ်ရှောင်အရပ်သားပြည်သူတွေ အကူညီပေးနိုင်ရေး နဲ့ စစ်ရှောင်တွေ နေရပ်ပြန်နိုင်ရေးတွေကိုလည်း အတူတကွပူးပေါင်းဆောင်ရွက်လိုတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း၊ ဗန်းမောက်မြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ရှမ်းနီ၊ ကတူး၊ ဗမာတိုင်းရင်းသားတို့ ဘေးကင်းရာသို့ စစ်ဘေးရှောင်နေကြရပါတယ်။
တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးရဲ့ ထိန်းချုပ်ရာ ဗန်းမောက်မြို့နယ် အနောက်ခြမ်း၊ တောင်ပိုင်း၊ မြောက်ပိုင်း၊ တောတောင်တွေ စတဲ့နီးစပ်ရာလမ်းသင့်ရာသို့ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
အဆိုပါ စစ်ဘေးရှောင်တွေကို လက်နက်ကိုင်အဖွဲ့စည်းတွေအားလုံးမှ တတ်နိုင်သမျှကူညီဆောင်ရွက်ပေးကြတာကိုလည်း ကျေးဇူးတင်ရှိတယ်လို့ ကတူးလူငယ်အဖွဲ့က ပြောပါတယ်။
ကတူးအရပ်ဖက်အဖွဲ့စည်းတွေမှာလည်း တတ်နိုင်တဲ့ဝန်အားဖြင့် အသီးသီးဖြန့်ဝေကူညီနိုင်ရေးဆောင်ရွက်လျက်ရှိပြီး ဗန်းမောက်အနောက်ခြမ်းစစ်ရှောင်ကူညီရေးအတွက်လည်း ရှမ်းနီနွယ်ဖွားလူငယ်များအဖွဲ့ချုပ် (SNYO) မှတဆင့် ငွေကျပ်သိန်း ၃၀ လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။
နောင်အခါမှာ စာပေနှင့်ရိုးရာယဉ်ကျေးမှုထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းစဉ်တွေကိုလည်း ရှမ်းနီ၊ ကတူးအရပ်ဖက်အဖွဲ့စည်းတွေ အချင်းချင်းဆွေးနွေးနှီးနှောဖလှယ်ကြကာ ရိုင်းပင်းကူညီချိတ်ဆက်မှုတွေ ပူးပေါင်းဆောင်ရွက်လိုတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဗန်းမောက်အနောက်ခြမ်းသို့ ရောက်ရှိလာတဲ့ စစ်ဘေးရှောင်တွေကို ဟုမ္မလင်းမြို့ မြို့မကျောင်းဆရာတော် ဦ္ဣန္ဒဝံသမှ ဆန် နဲ့ စားနပ်ရိက္ခာတွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
အလားတူ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA)၊ ဆီလုပ်ငန်းရှင်၊ ရှမ်းနီလူထု နဲ့ သျှမ်းနီစာပေယဉ်ကျေးမှုအဖွဲ့အစည်းတို့ကလည်း စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ၊ နေရာထိုင်ခင်း၊ အဝတ်အထည်၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။