Home ငြိမ်းချမ်းရေး စစ်အာဏာရှင်တော်လှန်ရေးအမည်ခံ လက်နက်ကိုင်တပ်ဖွဲ့အချို့ ရှမ်းနီ နဲ့ ကတူး၊ ကနန်းတို့အကြား လူမျိုးရေးပဋိပက္ခတွေ ဖန်တီးနေ

စစ်အာဏာရှင်တော်လှန်ရေးအမည်ခံ လက်နက်ကိုင်တပ်ဖွဲ့အချို့ ရှမ်းနီ နဲ့ ကတူး၊ ကနန်းတို့အကြား လူမျိုးရေးပဋိပက္ခတွေ ဖန်တီးနေ

by Homeland Author

စစ်အာဏာရှင်တော်လှန်ရေးအမည်ခံ လက်နက်ကိုင်တပ်ဖွဲ့အချို့ ဟာ ရှမ်းနီလူထု နဲ့ ကတူး၊ ကနန်းလူထုတို့အကြားမှာ လူမျိုးရေးပဋိပက္ခတွေ ဖန်တီးလိုတဲ့ ပုံစံတွေ လှုံ့ဆော်မှုတွေ အင်တာနက်ကွန်ရက်တွေပေါ်မှာ ရည်ရွယ်ချက်ရှိရှိ ပေါ်ပေါက်လာနေတယ်လို့ ရှမ်းနီအမျိုးသားများညီညွတ်ရေး အစည်းအရုံး(SNUA) က မနေ့က အောက်တိုဘာ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။

အထူးသဖြင့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအတွင်း ဖြစ်ပွားလာတဲ့ ဗန်းမောက်မြို့သိမ်းတိုက်ပွဲ စတင်ခါနီးအချိန်ကစ၍ နိုင်ငံရေး ဘေးပရောဂမကင်းသော လှုံ့ဆော်မှုများမှာ အင်တာနက်ကွန်ရက်တွေပေါ်မှာ လူမျိုးရေးပဋိပက္ခတွေ ဖန်တီးလိုတဲ့ ပုံစံတွေ အခုထိတိုင် ဆက်လက်ပေါ် ပေါက်လာနေတာကို သတိပြုမိတယ်လို့ ဆိုပါတယ်။

အဆိုးရွားဆုံးမှာ လူမျိုးရေးပဋိပက္ခတွေ ဖန်တီးလိုတဲ့ ရည်ရွယ်ချက်ဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးတဲ့ လုပ်ဆောင်မှုများကိုပါ စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၂၄ ရက်နေ့မှာ စစ်ဘေးရှောင်ကူညီရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုအသင်းမှ အဖွဲ့ဝင်ဖြစ်သူ ဆေဝင်းဗိုလ်မှာ ပင်းဟင်း ခါးကျေးရွာအနီးတွင် Drop ဗုံးထိမှန်ပြီး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ထို့အတူ နှစ်ဘက်တိုက်ပွဲတွေအကြားမှာ ရှမ်းနီ၊ ကတူး၊ ကနန်းစတဲ့ ဒေသခံလူထုမှာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပြီး ၂၀၂၅ခုနှစ်၊ စက်တင်ဘာ (၃၀) ရက်နေ့တွင် ကတူးရဟန်းတော်များအဖွဲ့မှ ဦးဆောင် ဆရာတော်တစ်ပါးရဲ့ မယ်တော်ပါ ထိခိုက်သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဝန်းသို၊ ကောလင်း၊ ပင်လည်ဘူး၊ ဗန်းမောက်၊ အင်းတော် စတဲ့ ဒေသတွေမှာ ရှမ်းနီတိုင်းရင်းသားတွေ နေထိုင်ရာ သမိုင်းဝင် ဒေသတွေ ဖြစ်သကဲ့သို့ ရှမ်းနီတိုင်းရင်းသားတွေအနေဖြင့် ကတူး၊ ကနန်း၊ ဗမာ စတဲ့ တိုင်းရင်းသားတွေ နဲ့ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေ ထိုင်လာခဲ့တာဟာ နှစ်ကာလကြာရှည်ခဲ့ပြီဖြစ်သလို ဘာသာစကားကူးလူးဆက်နွှယ်မှု၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်း ဆက်နွှယ်မှု နဲ့ ယုံကြည်သက်ဝင်တဲ့ ဘာသာရေးတို့ကို ကြည့်ခြင်းဖြင့် သိမြင်နိုင်တယ်လို့ ရှမ်းနီအမျိုးသားများညီညွတ်ရေး အစည်းအရုံး(SNUA) က ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ပေါ်ပေါက်လာတဲ့ စစ်အာဏာရှင်တော်လှန်ရေး ခေါင်းစဉ် အောက်မှာ ရှမ်းနီတိုင်းရင်းသားတွေနေထိုင်ရာ ဒေသတွေမှာ စစ်မီးတွေ တောက်လောင်ခဲ့ရပြီး ကျေးရွာတွေ ထိခိုက်ပျက်စီးတာ၊ ဒေသတွင်းရှိ ရဟန်းတော်တွေ နဲ့ လူပုဂ္ဂိုလ်တွေပါ ဖမ်းဆီး သတ်ဖြတ်ခံရတာ၊ ဘာသာစကားကန့်သတ်ခံရတာနဲ့အတူ လူမျိုးစု ဖြစ်တည်မှု ပျက်ယွင်း ခြင်းဒုက္ခများကိုပါ ခံစားလာရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သစ်အလွန်အကျွံခုတ်ယူမှုတွေ နဲ့ အကန့်အသတ်မဲ့ ရွှေတူးဖော်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးခြင်းဒုက္ခတွေကိုပါ အပြင်းအထန်ခံစားလာရတယ်လို့ ဆိုပါတယ်။

ထို့အတူ စစ်ရေးအကြောင်းပြချက်ဖြင့် လမ်းပန်းဆက်သွယ်ရေး နဲ့ ဖုန်း၊ အင်တာနက်စတဲ့ ဆက်သွယ်ရေးကွန်ရက်တွေကို ကာလကြာရှည်ပိတ်ပင်ထားရှိခြင်းကြောင့် ဒေသတွင်းရှိ လူထုမှာ စားနပ်ရိက္ခာမလုံလောက်မှုဒုက္ခ နဲ့ ဒေသတွင်းလူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုတွေကို ထုတ်ဖော်ခွင့်မရရှိကြသကဲ့သို့ လက်နက်ကိုင်တပ်ဖွဲ့တွေမှ ကောက်ယူတဲ့ အခွန်အခတွေ နဲ့ အမျိုးမျိုးသော အမိန့်တွေကြားမှာ ခက်ခဲစွာ ရှင်သန်နေထိုင်ကြရတယ်လို့ ဆိုပါတယ်။

အခုထိ ဖြစ်ပွားနေဆဲဖြစ်တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ရှမ်းနီ၊ ကတူး၊ ကနန်း စတဲ့ စစ်ဘေးရှောင်ဒုက္ခသည် (၁၅၀၀) ကျော်အတွက် စနစ်တကျထားရှိတဲ့ စစ်ရှောင်စခန်းတွေ မရှိခြင်း၊ စားနပ်ရိက္ခာ ခက်ခဲခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ခက်ခဲ ခြင်း နဲ့ ပညာရေးဝန်ဆောင်မှု မရရှိတော့ခြင်းတို့ကိုပါ ခံစားနေကြရတယ်လို့ ရှမ်းနီအမျိုးသားများညီညွတ်ရေး အစည်းအရုံး(SNUA) က ပြောပါတယ်။

ဒါကြောင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီတွေ အပါအဝင် ဒေသတွင်းရှိ လူထုများအကြားမှာ လူမှုသဟဇာတဖြစ်မှု (Social Cohesion) ဆိုင်ရာ ပညာပေးမှုတွေမှာ အရေးပေါ် လိုအပ်လျက်ရှိသဖြင့် မိမိတို့အစည်းအရုံးက ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းတွေထံ လေးနက်စွာ အကူအညီ တောင်းခံအပ်တယ်လို့ ဆိုပါတယ်။

အလားတူ နှစ်ဘက်လက်နက်ကိုင်တပ်ဖွဲ့တွေအနေဖြင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ (IHL)ပါ စည်းမျဉ်းတွေကို လိုက်နာကြဖို့ နဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့ ပြစ်မှုများကို မကျူးလွန်ကြဖို့၊ လူမျိုးရေး ပဋိပက္ခမဖြစ်ပွားစေဖို့အတွက် ထိန်းထိန်းသိမ်း သိမ်းလုပ်ဆောင်ကြဖို့ နဲ့ လူထုထိခိုက်နစ်နာစေတဲ့ မည်သည့်စစ်ပွဲမျိုးကိုမဆို မိမိတို့ အစည်းအရုံးက အပြင်းအထန် ဆန့်ကျင်ရှုံ့ချတယ်လို့ ရှမ်းနီအမျိုးသားများညီညွတ်ရေး အစည်းအရုံး(SNUA) က ထုတ်ပြန်ခဲ့ပါတယ်။

related posts

Leave a Comment