Home » စစ်သားစုဆောင်းခံရမယ့်အခြေအနေရှိရင် တော်လှန်ရေးနယ်မြေထဲလာဖို့ NUG ပြော

စစ်သားစုဆောင်းခံရမယ့်အခြေအနေရှိရင် တော်လှန်ရေးနယ်မြေထဲလာဖို့ NUG ပြော

by Homeland Author

မြန်မာစစ်တပ်ရဲ့ စစ်သားစုဆောင်းခံရနိုင်တဲ့ အခြေအနေရှိနေပါက လူငယ်တွေအနေနဲ့ တော်လှန်ရေးနယ်မြေတွေကို လာရောက်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိုက်တွန်းထားပါတယ်။

ဒါ့အပြင် နိုင်ငံရပ်ခြားကိုလည်း အမြန်ဆုံးထွက်ခွာကြဖို့ တိုက်တွန်းထားသလို ပေါ်တာဆွဲဖမ်းဆီးခံရမှုကို ရှောင်ရှားနိုင်ဖို့အတွက် တစ်ဦးတည်းသွားလာတာနဲ့ ညဘက်အပြင်ထွက်တာတွေကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြဖို့ ပြောထားပါတယ်။

မလွှဲမရှောင်သာ စစ်သားစုဆောင်းခံရပါက အခွင့်အရေးရတာနဲ့ စစ်တပ်ကနေ စွန့်ခွာထွက်ပြေးကြဖို့နဲ့ အခြေအနေပေးပါက လက်နက်ကိုပါ တစ်ပါတည်း ယူဆောင်လာကြဖို့ NUG က ပြောပါတယ်။

မြန်မာစစ်တပ်ဟာ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်း အမာခံတိုက်ခိုက်ရေးအင်အား အများစု ချေမှုန်းခံခဲ့ရပြီးနောက် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကစတင်ကာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ပြီး တပ်သားသစ်တွေ စုဆောင်းခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ် ဇူလိုင်လကနေ ၂၀၂၆ ခုနှစ် ဩဂုတ်လအတွင်း ပြည်သူ့စစ်မှုထမ်း (ပစ) အပတ်စဉ် ၂၇ ခုမှာ အင်အား ၁၃၅,၀၈၀ ခန့်ကို စုဆောင်းခဲ့တယ်လို့ NUG က ဆိုပါတယ်။

လက်ရှိမှာ အဲဒီအင်အားကို အသုံးချပြီး လူလှိုင်းစစ်ဆင်ရေးတွေနဲ့ နိုင်ငံအနှံ့ ထိုးစစ်ဆင်တိုက်ခိုက်နေသလို မြန်မာစစ်တပ်ရဲ့ စစ်ကြောင်းတွေမှာ ပြည်သူ့စစ်မှုထမ်း (ပစ) အင်အား ၈၀ ရာခိုင်နှုန်းခန့်အထိ ပါဝင်နေတယ်လို့ NUG က ပြောပါတယ်။

စစ်သားစုဆောင်းခံရတဲ့ လူငယ်တွေအနေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်နဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရုံးချုပ်နဲ့ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ပကဖအဖွဲ့တွေ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တွေ၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တွေ၊ ပြည်သူ့ရင်ခွင် ခိုလှုံရေးအစီအစဉ်နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ (EROs) ကို ဆက်သွယ်ပြီး လိုအပ်တဲ့အကူအညီတွေ ရယူကြဖို့ NUG က တိုက်တွန်းထားပါတယ်။

related posts

Leave a Comment