Home » လုပ်ပိုင်ခွင့်တာဝန်ခွဲဝေရေး NUG နဲ့ မကွေးဖက်ဒရယ်ယူနစ် ဆွေးနွေး

လုပ်ပိုင်ခွင့်တာဝန်ခွဲဝေရေး NUG နဲ့ မကွေးဖက်ဒရယ်ယူနစ် ဆွေးနွေး

by Homeland Author

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရ (IMFUG) တွေ့ဆုံပြီး ဖက်ဒရယ်စနစ်နဲ့အညီ လုပ်ပိုင်ခွင့်တာဝန်တွေ ခွဲဝေနိုင်ရေး ပထမအကြိမ်အစည်းအဝေးကို မေလ ၁၂ ရက်မှာ အွန်လိုင်မှတဆင့် ကျင်းပခဲ့ကြတယ်လို့ ထုတ်ပြန်လာပါတယ်။

အဲဒီ အစည်းအဝေးကို NUG မှ ယာယီသမ္မတဒူဝါလရှီးလ နဲ့အတူ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေ နဲ့ တာဝန်ရှိသူတွေ ပါဝင်တက်ရောက်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလားတူ မကွေးဖက်ဒရယ်ယူနစ်မှ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရ (IMFUG) ဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော်၊ ဒုတိယ ဝန်ကြီးချုပ် ဦးချစ်ဝင်းမောင်နဲ့အတူ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ နဲ့ ရှေ့နေချုပ်၊ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော် (MFUH) ဥက္ကဌ ဒေါ်ထရီဇာနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

အဲဒီအစည်းအဝေးမှာ ဒူဝါလရှီးလနဲ့ ဝန်ကြီးချုပ်ဒေါက်တာရဲထွန်းဇော်တို့မှ အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့ကြပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

NUG နဲ့ IMFUG တို့အကြား ဖက်ဒရယ်စနစ်နဲ့အညီ လုပ်ပိုင်ခွင့်တာဝန်တွေ ခွဲဝေရေးအပါအဝင် တာဝန်နဲ့ ဝန်ထမ်းယန္တရားတွေ မြန်ဆန်ထိရောက်စွာ လွှဲပြောင်းနိုင်ရေးဆိုင်ရာ သဘောတူညီချက်တွေနဲ့ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရ (IMFUG)တို့အကြား ဖက်ဒရယ်စနစ်နဲ့အညီ လုပ်ပိုင်ခွင့်တာဝန်တွေခွဲဝေရေးအတွက် စတင် ဆွေးနွေးကြတဲ့ ပထမဆုံး အစည်းအဝေး ဖြစ်တယ်လို့ ဆိုပါတယ်။

related posts

Leave a Comment