တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်တော် (TNLA) က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပလောင်တွေ ရရှိထားတဲ့ နမ့်ဆန်နဲ့ မန်တုံမြို့ ၂ မြို့ကလွှဲ၍ ကျန်မြို့တွေ ပြန်လက်လွှတ်ရနိုင်တယ်လို့ စစ်ရေးနဲ့ နိုင်ငံရေး ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။
၁၀၂၇ စစ်ဆင်ရေးအတွင်း သျှမ်းပြည်မြောက်ပိုင်းမှာ မြို့နယ် ၁၁ ခု နဲ့ မန္တလေးတိုင်းအတွင်းက မိုးကုတ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပေမယ့် လက်ရှိမှာတော့ မြို့အချို့ကို TNLA က ပြန်လည်လက်လွှတ်ထားရပါတယ်။
ကိုးကန့်တပ် MNDAA က TNLA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ အဓိကအားဖြင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတလျှောက်မှာရှိတဲ့ မြို့နယ်တွေမှာ တိုက်ပွဲဖော်ဆောင်ပြီး ပြန်လည်သိမ်းယူခဲ့တာပဲ ဖြစ်ပါတယ်။
လက်ရှိမှာလည်း နမ့်ခမ်းမြို့နယ်မှာ MNDAA ရဲ့ အလံကို ထောင်ထားပြီး သိန္နီနဲ့ နမ္မတူမြို့မှာလည်း MNDAA က တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေကို စီးပွားရေးနဲ့ သတ္တုတူးဖော်ရေးတွေကို ဝင်ရောက်လုပ်ကိုင်ခွင့်တွေ ပြုပေးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နဲ့ MNDAA တို့က TNLA ကို လက်နက်မရောင်းတော့တဲ့အပြင် လက်နက်နဲ့ ငွေကြေးအကူအညီတွေလည်း မပေးတော့ဘူးလို့ သိရပါတယ်။
TNLA ဟာ MNDAA နဲ့ UWSA တို့ဆီကနေ လက်နက်ခဲယမ်းအကြွေးတွေ တင်နေကာ တရုတ်ဖိအားကြောင့် သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နယ်မြေတွေဆီကနေ ဆုတ်ခွာပေးနေရပြီး နယ်မြေတွေ ဆုံးရှုံးလာနေတာလို့ သျှမ်းပြည်တွင် နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက ပြောပါတယ်။
“အခုကျတော့ ပြန်ဆုတ်ပေးရမှာ။ ဘာကြောင့်လဲဆိုတော့ စစ်ရေးအရ ပြောမယ်ဆိုရင် TNLA က ဒီလောက်ကြီး စစ်ရေးစရိတ် ကြီးကြီးမားမား သူ့မှာ မရှိဘူး။ တိုက်တုန်းကတော့ သိမ်းချင်တဲ့ နယ်မြေတွေကို တိုက်လို့ရရင် ယူဆိုတဲ့ သဘောမျိုးနဲ့ တိုက်ခဲ့တဲ့အတွက် သူတို့နယ်မြေအဖြစ် သတ်မှတ်ခဲ့တာ။ သတ်မှတ်တော့ တပ်ကလည်း မခံနိုင်တဲ့အဆုံး ဆုတ်ပေးရတာ။ အဲဒီတော့ ဘယ်လိုဖြစ်သွားလဲဆိုတော့ တိုက်တုန်းကတော့ တိုးမြှင့်ပြီးတော့ နောင်ချိုရော အကြီးအကျယ်တိုက်တော့ တပ်မတော်ရှုံးတဲ့အတွက် ဆုတ်ပေးသွားရတာပေါ့။ အခုကျတော့ ပြန်တိုက်တယ်ဆိုတာ ပါးပါးလေးပါ။ တရုတ်ရဲ့ ဖိအားလည်းပါတယ်။ နောက်ပြီးတော့ အကြွေးတင်တာပေါ့ ဝတို့ဘာတို့မှာ တော်တော်များများ အကြွေးတင်တယ်” လို့ ပြောပါတယ်။
TNLA အနေနဲ့ တရုတ်ဖိအားအပြင် သျှမ်းမြောက်မှာ အခြေစိုက်လှုပ်ရှားနေတဲ့ တခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း ဖိအားပေးမှုတွေ ရှိနေကြောင်း ၎င်းက ဆက်ပြောပါတယ်။
“စစ်ရေးတွေမှာ ပလောင်တိုင်းရင်းသား လူငယ်တွေလည်း တော်တော်ကို ဆုံးရှုံးတာပေါ့နော်။ အထွေထွေသော အကျပ်အတည်းတွေ များလာတဲ့အခါမှာ ဖိအားတွေ များလာတဲ့အခါမှာ TNLA အနေနဲ့ သူ့ရဲ့သဘောထားတွေ၊ သူ့ရဲ့ဗျူဟာတွေက ပြောင်းလဲလာရတာပေါ့” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လမှာလည်း တရုတ်နိုင်ငံရဲ့ ကြားဝင်မှုစေ့စပ်မှုအရ စစ်တပ်နဲ့ TNLA တို့ တွေ့ဆုံပြီး TNLA က သီပေါနဲ့ ကျောက်မဲကနေ ဆုတ်ခွာပေးခဲ့ရတဲ့ အခြေအနေ ဖြစ်ပေါ်ခဲ့ပါတယ်။
လက်ရှိမှာလည်း တရုတ်နိုင်ငံရဲ့ ဖိအားကြောင့် MNDAA နဲ့ TNLA ကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး TNLA ဘက်က နယ်မြေတွေ ဆုံးရှုံးခဲ့ရတာပဲ ဖြစ်ပါတယ်။
MNDAA ဟာ ချင်းရွှေဟော်-သိန္နီ-လားရှိုးလမ်းကိုပဲ ထိန်းချုပ်ထားရာကနေ ပြီးခဲ့တဲ့ မတ်လကစပြီး TNLA နဲ့ KIA ထိန်းချုပ်ထားတဲ့ မူဆယ်-ကွတ်ခိုင်-သိန္နီလမ်းကိုပါ သိမ်းယူလာတာ ဖြစ်ပါတယ်။