အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) မိုင်းလားအဖွဲ့အနေနဲ့ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်သွားမယ်လို့ NDAA ဥက္ကဋ္ဌ ဦးထိန်လင်းက ပြောပါတယ်။
နိုဝင်ဘာ ၂ ရက်က မိုင်းလားမှာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ NDAA မိုင်းလားအဖွဲ့တို့ တွေ့ဆုံဆွေးနွေးစဉ် ဦးထိန်လင်းက အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
NDAA မိုင်းလား အထူးဒေသ (၄) အနေနဲ့ “ငြိမ်းချမ်း၊ စည်းလုံး၊ ဖွံ့ဖြိုး” ဆိုတဲ့ ရပ်တည်ချက်ကို ခိုင်မာစွာ ကိုင်စွဲထားပြီး နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်သွားမယ်လို့ ဆိုပါတယ်။
အခုနှစ်အတွင်း နှစ်ဖက်တွေ့ဆုံမှုဟာ သုံးကြိမ်မြောက်ဖြစ်ပြီး အပြန်အလှန်ယုံကြည်မှုကို တိုးတက်ခိုင်မာစေခဲ့တယ်လို့ ဦးထိန်လင်းက ပြောပါတယ်။ ဒါ့အပြင် ပြည်ထောင်စုအစိုးရက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ပေးတာနဲ့ အခြေခံပညာကျောင်းဆောင်သစ် ဆောက်လုပ်ပေးတာတွေအတွက် ကျေးဇူးတင်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

တွေ့ဆုံဆွေးနွေးမှုမှာ ယဉ်ကျေးမှု၊ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေ အဆင့်မြှင့်တင်ရေး၊ မိုင်းလား–ကျိုင်းတုံလမ်းပိုင်း ပြုပြင်ထိန်းသိမ်းရေးနဲ့ လျှပ်စစ်ဓာတ်အား ဖွံ့ဖြိုးတိုးတက်ရေး စတဲ့ ကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဘက်ပေါင်းစုံက ပူးပေါင်းပါဝင်ဖို့ လိုအပ်ကြောင်း ၊ NSPNC အနေနဲ့ ညှိနှိုင်းပေါင်းစပ်ပေးတဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်သွားမှာဖြစ်ပြီး အထူးဒေသနဲ့ ဆက်သွယ်ပြောဆိုမှုတွေကို ထိန်းသိမ်းကာ အပြန်အလှန်ယုံကြည်မှု တိုးတက်အောင် ဆောင်ရွက်သွားလိုတယ်လို့ ဆိုပါတယ်။
နှစ်ဖက်ညှိနှိုင်းတိုင်ပင်မှုတွေကတစ်ဆင့် သက်ဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကို သင့်လျော်စွာ ဖြေရှင်းသွားမှာဖြစ်ပြီး ပညာရေး၊ ကျန်းမာရေးနဲ့ လမ်းပန်းဆက်သွယ်ရေး စတဲ့ ပြည်သူ့အကျိုးပြုကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ထောက်ပံ့ပေးသွားမယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောပါတယ်။
ဒါ့အပြင် အထူးဒေသအနေနဲ့ ယခင်အတိုင်း ကျားဖြန့်နှိမ်နင်းရေးလုပ်ငန်းတွေမှာ ဆက်လက်ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ဒေသတွင်း တရားဥပဒေစိုးမိုးရေး၊ စည်းစနစ်ကျနမှုတို့ကို ပူးပေါင်းထိန်းသိမ်းသွားဖို့ မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
NDAA မိုင်းလားအဖွဲ့ဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မြန်မာ–တရုတ်နယ်စပ်ရှိ မိုင်းလား၊ ဆီလူးနဲ့ နမ့်ပန်းဒေသတွေကို အထူးဒေသ (၄) အဖြစ် ထိန်းချုပ်ထားပါတယ်။