စစ်တပ်နဲ့ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) တို့ စစ်တိုက်ရင်းနဲ့ပဲ ငြိမ်းချမ်းရေး ဆွေးနွေးလာနိုင်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ထောက်ပြကြပါတယ်။
အရင် ၈၈ အရေးအခင်း နဲ့ ၁၉၉၆ ခုနှစ်အတွင်းမှာလည်း KIA ဟာ အခုလိုပဲ စစ်တိုက်ရင်း အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပြီး အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် အခုလည်း အဲဒီနည်းလမ်းအတိုင်းပဲ လုပ်ဆောင်နေတာ ဖြစ်နိုင်ပြီး မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ပေးဖို့အတွက်လည်း ထောက်ပို့နေတဲ့ အင်အားလည်း လျော့နည်းလာနေတာကြောင့် စစ်ရေး ပြင်းထန်တဲ့ အနေအထားမှာ မရှိနိုင်ဘူးလို့ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) ဥက္ကဋ္ဌ စိုင်းဌေးအောင်က ပြောပါတယ်။
“KIA နဲ့ တပ်မတော်ကတော့ ခါတိုင်း ငြိမ်းချမ်းရေးလုပ်ရင်း တစ်ဖက်ကလည်း စစ်တိုက်နေတယ်ပုံစံမျိုး ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တွေ့ရတယ်။ အခုလည်း ဒီပုံစံမျိုး တိုက်ရင်းနဲ့ပဲ ငြိမ်းချမ်းရေး စကားပြောနေမလားလို့ ထင်မိတယ်။ စစ်ရေးကတော့ ဒီထက် ပြင်းမလာနိုင်တော့ဘူးလို့ မြင်တယ်။ မြို့သိမ်းတိုက်ပွဲတို့ ဘာတို့ကတော့ လုပ်နိုင်တဲ့ အင်အား သိပ်မရှိလောက်တော့ဘူး။ ဒါကတော့ ကျနော့်အမြင် ပြောတာပေါ့နော်။ ဟိုတုန်းကလိုမျိုး အနောက်ကနေ ထောက်ပံ့ပေးမယ့် အင်အားတွေလည်း လျော့နည်းသွားတဲ့အခါကျတော့ စစ်ရေးကတော့ သိပ်ပြင်းထန်လာမယ်လို့တော့ ကျနော်မထင်ဘူး။ ဒါပေမယ့် ငြိမ်းချမ်းရေးကတော့ စကားပြောလာလိမ့်မယ်” လို့ ပြောပါတယ်။
လက်ရှိမှာ စစ်တပ်ဟာ မြစ်ကြီးနားမြို့တွင်းကို အခုလအတွင်း လူအင်အားအပြည့်အစုံ၊ လက်နက်ခဲယမ်း အပြည့်အစုံပါတဲ့ စစ်ကားအစီးရေ ရာနဲ့ချီပြီး ဝင်ရောက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီလို ဝင်ရောက်လာခြင်းက KIA ထိန်းချုပ်ထားတဲ့ ဆွမ်ဘရာဘွန်၊ အင်ဂျားယန်၊ ချီဖွေ၊ ဆော့လော်အပါအဝင် ကချင်ပြည်နယ်ရဲ့ မြို့နယ် ၅ ခုမှာ စစ်တပ်က ထိုးစစ်ဆင်လာနိုင်တယ်လို့ KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောဆိုထားတာကို တွေ့ရပါတယ်။
စစ်မှုထမ်းဥပဒေအရ စစ်တပ်မှာ အင်အားတောင့်တင်းလာပြီး လက်နက်ခဲယမ်းလည်း ပြည့်စုံတာကြောင့် စစ်ရေးတွေ ပြင်းထန်လာနိုင်တယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။
“အဲဒါကတော့ နေရာတိုင်းမှာ စစ်ရေးတင်းမာမှုတွေ ရှိမှာ။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်က သူက စစ်မှုထမ်းဥပဒေတွေဘာတွေနဲ့ သူက အင်အားတော်တော် တောင့်တင်းလာတာလေ။ လူပုဂ္ဂိုလ်အရရော၊ နောက်ပြီး သူတို့မှာ အခြေခံ လက်နက်ခဲယမ်းဘာညာ ရှိတယ်၊ တော်လှန်ရေးဘက်က အဲဒီလောက် အခြေခံအဆောက်အအုံ မပြည့်စုံသေးဘူးလေ။ အဲဒါကြောင့် သူတို့က အခုလိုရတဲ့အချိန်မှာ တချို့ နေရာတော်တော်များများလည်း ပြန်ရနေပြီဖြစ်တော့ အဲဒီအရှိန်နဲ့ ဆက်ပြီး စစ်ရေးတွေ ပြင်းထန်လာနိုင်ပါတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့မှာ စစ်တပ်က ပြန်လည်သိမ်းပိုက် ထိန်းချုပ်လိုက်ပြီး ဖွင့်လှစ်လိုက်တဲ့ မန္တလေး – အင်းတော် – မြစ်ကြီးနားလမ်းကြောင်းဟာ စစ်တပ်ရဲ့ ထောက်ပို့လမ်းကြောင်း ပွင့်သွားတဲ့သဘောလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့်လည်း KIA ဟာ စစ်တပ် နဲ့ စစ်တိုက်ရင်းနဲ့ပဲ ငြိမ်းချမ်းရေး ဆွေးနွေးမှာဖြစ်ပြီး သူနဲ့ ဆက်စပ်နေတဲ့ တော်လှန်ရေးအင်အားစုတွေကို လွန်ခဲ့တဲ့ ၁၉၉၆ ခုနှစ် သူငြိမ်းချမ်းရေးလက်မှတ်ထိုးတုန်းက နည်းလမ်းနဲ့ပဲ ဖြေရှင်းလိမ့်မယ်လို့ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) ဥက္ကဋ္ဌ စိုင်းဌေးအောင်က ဆက်ပြောပါတယ်။
“၈၈ တုန်းက ကျနော်လည်း ခဏခဏ ပြောပါတယ်။ ABSDF ကို မွေးလိုက်တယ်။ နောက် လက်နက်တပ်ပေးတယ်။ ၉၃ မှာ အစိုးရနဲ့ ငြိမ်းချမ်းရေးစကားပြောတယ်။ အခုလိုပဲ စစ်တိုက်ရင်းနဲ့ ငြိမ်းချမ်းရေးစကားပြောတယ်။ ၉၄ မှာ လက်မှတ်ထိုးလိုက်တယ်၊ ငြိမ်းချမ်းရေး လက်မှတ်ထိုးလိုက်တယ်။ ၉၆ မှာ ABSDF ကို မောင်းထုတ်တယ်။ အခုလည်း ဒီလိုပုံစံပဲ။ ငြိမ်းချမ်းရေးစကားပြောနေစဉ်အတွင်းမှာပဲ ဘယ်မှာနေတယ် တပ်မတော်ကို ပြောမယ်၊ တပ်မတော် လိုက်ချေမှုန်းမယ် အဲဒီပုံစံ သွားလိမ့်မယ်၊ အခုလည်း အဲဒီပုံစံ သွားလိမ့်မယ်လို့ ထင်တယ်” လို့ ပြောပါတယ်။
လက်ရှိမှာ စစ်တပ်ဟာ KIA နဲ့ ပူးပေါင်းတပ်တွေကို တိုက်ခိုက်ဖို့အတွက် စစ်အင်အား ထောင်နဲ့ချီ အသုံးပြုပြီး စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
အလားတူ စစ်တပ် နဲ့ KIA တို့ဟာ ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့် နဲ့ မိုးညှင်းမြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီး ကချင် နဲ့ ဆက်စပ်နေတဲ့ စစ်ကိုင်းတိုင်း၊ ကသာ၊ ရွှေကူမှာလည်း စစ်ရေးအခြေအနေ တင်းမာလျက်ရှိနေတယ်လို့ သိရပါတယ်။