မြစ်ကြီးနားမြို့မှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ အိမ်ခြံမြေအရောင်းအဝယ်ကိစ္စနဲ့ ပတ်သက်ပြီး ဆက်ကြေးပေးဆောင်ဖို့ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) က စာပို့အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါအကြောင်းကြားစာကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်စွဲနဲ့ ပေးပို့ထားတာဖြစ်ပြီး အိမ်နဲ့ခြံမြေရောင်းဝယ်ခြင်းလုပ်ငန်း လုပ်ကိုင်သူတွေအနေနဲ့ ဖုန်းနံပါတ် ၀၉ ၂၆၂ ၆၂၉ ၈၅၃ (Viber) နဲ့ ၀၉ ၇၈၀ ၂၅၉ ၆၇၀ တို့ကို ဆက်သွယ်ပြီး လာရောက်တွေ့ဆုံဖို့ ဖော်ပြထားပါတယ်။
ဒီအကြောင်းကြားစာကို လက်ခံရရှိပြီးနောက် ဆက်သွယ်အကြောင်းကြားခြင်း မရှိဘူးဆိုရင် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။
ကချင်လက်နက်ကိုင်အဖွဲ့ (KIA) အနေနဲ့ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့နယ်အတွင်းက ကဆုန်းခကျေးရွာမှာ အကောက်ခွန်ရုံး လာရောက်ဖွင့်လှစ်ထားပြီး မြစ်ကြီးနားခရိုင်အတွင်း ဆက်ကြေးကောက်ခံမှုတွေကို အရင်ကတည်းက လုပ်ဆောင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အဆိုပါ KIA ရဲ့ အကောက်ခွန်ရုံးကို မြစ်ကြီးနားမြို့အတွင်းက လုပ်ငန်းရှင်တွေအနေနဲ့လည်း KIA တောင်းဆိုတဲ့ ငွေကြေးအတိုင်း လာရောက်ပေးဆောင်ရလေ့ရှိတယ်လို့ ဆိုပါတယ်။
KIA ဟာ မြစ်ကြီးနားမြို့ထဲက လုပ်ငန်းရှင်တွေဆီ ဆက်ကြေးပေးဖို့ စာပို့အကြောင်းကြားတာတွေ ရှိပြီး မပေးဆောင်ပါက ဝင်ရောက်ဖမ်းဆီးတာတွေလည်း လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလတုန်းကလည်း မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာအုပ်စု၊ ပြွန်သုံးလုံးကျေးရွာက လုပ်ငန်းရှင်တွေကို KIA က ဆက်ကြေးပေးဖို့ စာပို့အကြောင်းကြားခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။
ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ဟာ ၎င်းတို့လှုပ်ရှားတဲ့ ဒေသတွေမှာ ဒေသခံတွေအပါအဝင် လုပ်ငန်းရှင်တွေရဲ့ ထွန်စက်၊ ရိတ်ခြွေစက်၊ ဆန်စက်၊ ဆီစက်၊ ထော်လာဂျီအသေး၊ အကြီး၊ ဆီဆိုင်နဲ့ ဈေးဆိုင်ခန်းတွေကို နှစ်စဉ် ဆက်ကြေးကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။