အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၄ ခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် မွေးကင်းစကလေးငယ်တစ်ဦးအပါအဝင် လူ ၁၂ ဦး သေဆုံးပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ AA က ထုတ်ပြန်ပါတယ်။
ကျောက်တော်၊ မြောက်ဦး၊ ကျောက်ဖြူနဲ့ ပေါက်တော (ဝီရဌာနေ) မြို့နယ်တွေကို နိုဝင်ဘာ ၁ ရက်မှာ ဆက်တိုက်လေကြောင်းတိုက်ခိုက်ခဲ့ပြီး ပေါက်တောမြို့နယ်ကိုတော့ နိုဝင်ဘာ ၂ ရက် မနက်ပိုင်းမှာ ထပ်မံတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ကျောက်တော်မြို့နယ်မှာ ဝါးတောင်ကျေးရွာနဲ့ ပန်းဖဲချောင်းကျေးရွာကို ဆက်သွယ်ထားတဲ့ တံတားကို နိုဝင်ဘာ ၁ ရက် ညနေ ၅ နာရီ ၂၅ မိနစ်မှာ ဂျက်တိုက်လေယာဉ်တစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လမ်းသွားလမ်းလာ ပြည်သူ ၇ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ AA က ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် တံတားပျက်စီးခဲ့သလို တံတားပေါ်သွားလာနေတဲ့ ဆိုင်ကယ်နဲ့ ဘေးတွဲဆိုင်ကယ်တွေ၊ အနီးအနားရှိ လူနေအိမ်တချို့လည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ အဲဒီနေ့ ညနေ ၅ နာရီ ၂၇ မိနစ်ခန့်မှာ မြောက်ဦးမြို့နယ်၊ ငွေတောင်ပေါက်အနီးရှိ ယာယီဆေးကုခန်း၊ သားဖွားဆောင်နဲ့ ပတ်ဝန်းကျင်ကို ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ Cluster ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် မွေးကင်းစကလေးငယ်တစ်ဦးအပါအဝင် လူ ၅ ဦး သေဆုံးခဲ့ပြီး ၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒဏ်ရာရသူတွေထဲမှာ ဆေးဝန်ထမ်းတချို့လည်း ပါဝင်ပြီး ဆေးခန်းအဆောင်တွေနဲ့ လူနေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ AA က ဖော်ပြပါတယ်။
ကျောက်ဖြူမြို့နယ်၊ စနဲမင်းပြင်ရွာကိုလည်း နိုဝင်ဘာ ၁ ရက် ညနေ ၅ နာရီခန့်မှာ ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၅ ဦးနဲ့ အမျိုးသား ၆ ဦး စုစုပေါင်း ၁၁ ဦး ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်နဲ့ အဆောက်အအုံတွေ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၂ ရက် မနက် ၃ နာရီကျော်မှာ ပေါက်တောမြို့ (ဝီရဌာနေ) နဲ့ ရွာချောင်းကြီးကျေးရွာတို့ကို Y-12 လေယာဉ်တစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၂ ဦး စုစုပေါင်း ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
AA ရဲ့ ထုတ်ပြန်ချက်မှာ စစ်တပ်ဟာ အာရက္ခဒေသအတွင်း အများပြည်သူသွားလာရာ လမ်း၊ တံတား၊ ဆေးရုံ၊ ဆေးခန်းနဲ့ လူနေရပ်ကွက်တွေကို ဆက်တိုက်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
နိုဝင်ဘာ ၁ ရက်နဲ့ ၂ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မွေးကင်းစကလေးငယ်တစ်ဦးအပါအဝင် လူ ၁၂ ဦး သေဆုံးခဲ့ပြီး ကလေးငယ်တွေအပါအဝင် လူကြီး၊ လူငယ် စုစုပေါင်း ၃၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။