Home » ပိတ်ထားတဲ့လမ်းသွားရင် စစ်တပ်သတင်းပေး သတ်မှတ်မယ်လို့ KIA ပြော

ပိတ်ထားတဲ့လမ်းသွားရင် စစ်တပ်သတင်းပေး သတ်မှတ်မယ်လို့ KIA ပြော

by Homeland Author

ဗန်းမော်ခရိုင် ရွှေကူမြို့နယ်အတွင်း ကချင်လက်နက်ကိုင်အဖွဲ့ (KIA) က ပိတ်ပင်ထားတဲ့ လမ်းပိုင်းတွေကနေ သွားလာရင် မြန်မာစစ်တပ်ရဲ့ သတင်းပေးအဖြစ် သတ်မှတ်သွားမယ်လို့ အောက်တိုဘာ ၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

KIA က ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်ကစပြီး ရွှေကူမြို့အဝင် လမ်းမကြီးနဲ့ ငါးအိုး-ရွှေကူ လမ်းမကြီးတွေကို ရက်အကန့်အသတ်မရှိ သွားလာခွင့် ပိတ်ထားတာ ဖြစ်ပါတယ်။

အဲဒီနောက် ရွှေကူနဲ့ ငါးအိုးဘက်ကို သွားလာမယ်ဆိုရင် KIA သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်းသာ သွားလာကြဖို့လည်း အသိပေးထားပါတယ်။

ပိတ်ပင်ထားတဲ့ လမ်းပိုင်းတွေကနေ သွားလာသူတွေကို မြန်မာစစ်တပ်ရဲ့ သတင်းပေး၊ သတင်းယူသူ ဒါမှမဟုတ် သူလျှို (ဒလန်) အဖြစ် သတ်မှတ်သွားမယ်လို့ KIA က ပြောပါတယ်။

ဒါ့အပြင် အဲဒီကနေ နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့် ပြဿနာတွေကိုလည်း KIA အနေနဲ့ တာဝန်ယူဖြေရှင်းပေးမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရွှေကူမြို့ကနေ ပြည်သူတွေ ထွက်ခွာဖို့နဲ့ မြို့ကို တိုက်ခိုက်ဖို့ ရည်ရွယ်ထားတဲ့ KIA ရဲ့ လုပ်ဆောင်ချက်တွေကို ရပ်တန့်ဖို့ တိုင်လိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) ကလည်း ဇွန်လ ၁၁ ရက်မှာ ကန့်ကွက်ကြောင်း ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ ဗန်းမော်နဲ့ ရွှေကူမြို့နယ်တွေမှာ မြန်မာစစ်တပ်နဲ့ KIA၊ KIA နဲ့ ပူးပေါင်းအဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

related posts

Leave a Comment