သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် နားလုံကျေးရွာအနီးမှာ အွန်လိုင်းလောင်းကစား (ကျားဖြန့်) လုပ်ငန်း လုပ်ကိုင်သူ တရုတ်နိုင်ငံသားတွေအပါအဝင် ၈၇ ဦးကို အောက်တိုဘာ ၅ ရက်နေ့က ဖမ်းဆီးရမိတယ်လို့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက ထုတ်ပြန်ပါတယ်။
ဒေသခံတွေရဲ့ သတင်းပေးပို့ချက်အရ ဟိုပုံးမြို့နယ်၊ မိုင်းပွန်မြို့ရဲ့ အနောက်တောင်ဘက် ၂၁ ကီလိုမီတာခန့်အကွာ နားလုံကျေးရွာအနီးမှာ ကျားဖြန့်လုပ်ငန်း လုပ်ဆောင်နေတဲ့ တရုတ်နိုင်ငံသား ၇၅ ဦးနဲ့ မြန်မာနိုင်ငံသား ၁၂ ဦး၊ စုစုပေါင်း ၈၇ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
၎င်းတို့နဲ့အတူ အလျား ၆၀ ပေ၊ အနံ ၂၀ ပေရှိ လူနေဆောင်နဲ့ အလုပ်ရုံတွဲလျက် ယာယီမိုးကာတဲ ၂ လုံး၊ အလျား ၄၀ ပေ၊ အနံ ၂၀ ပေရှိ စားချက်ဆောင် ယာယီမိုးကာတဲ ၁ လုံး၊ အလျား ၄၀ ပေ၊ အနံ ၂၀ ပေရှိ ဆောက်လုပ်ဆဲ ယာယီမိုးကာတဲ ၁ လုံး၊ Starlink ၄ စုံ၊ All-in-One Computer ၁၇ လုံး၊ Laptop ၂ လုံးနဲ့ ဖုန်းအမျိုးမျိုး ၅၂၄ လုံးတို့ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ အွန်လိုင်းလောင်းကစား (ကျားဖြန့်) လုပ်ငန်း လုပ်ကိုင်သူတွေကို လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆောင်ရွက်ပြီးစီးပါက ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ဆိုပါတယ်။
သျှမ်းပြည်အတွင်း အွန်လိုင်းလောင်းကစား (ကျားဖြန့်) လုပ်ငန်း လုပ်ကိုင်သူ တရုတ်နိုင်ငံသားတွေကို မြန်မာစစ်တပ်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက မကြာခဏ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။


