မန္တလေး တံတားဦးလေဆိပ်မှာရှိတဲ့ တိုက်လေယာဉ်တွေကို မနေ့က စက်တင်ဘာ ၁၀ ရက် နေ့လယ်ပိုင်းမှာ FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာဟာ ဂျီနီဗာကွန်ဗင်းရှင်းတွေနဲ့ အပြည်ပြည်ဆိုင်ရာဥပဒေအရ စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်လို့ စစ်တပ်က ပြောပါတယ်။
တော်လှန်ရေးအင်အားစုဘက်က FPV ဒရုန်း ၆ စင်းနဲ့ တိုက်ခိုက်လာတာကို လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ ထောက်လှမ်းတွေ့ရှိခဲ့ပြီး အဲဒီဒရုန်းတွေကို ဟန့်တားနိုင်ခဲ့တယ်လို့လည်း စစ်တပ်ဘက်က ထုတ်ပြန်ထားပါတယ်။
ဒါပေမယ့် တစ်ဖက်မှာတော့ တော်လှန်ရေးအင်အားစုတွေက ဒရုန်းနဲ့ တိုက်ခိုက်တာကြောင့် တိုက်လေယာဉ် ၄ စီး ထိခိုက်ပျက်စီးခဲ့ပြီး ၂ စီးက လုံးဝပေါက်ကွဲသွားတယ်လို့ PDF အဖွဲ့တွေက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကြောင့် ပြည်တွင်းလေကြောင်းလိုင်း ခရီးစဉ်တချို့လည်း ယာယီရပ်ဆိုင်းခဲ့ရပြီး ဖြစ်စဉ်အတွင်း လူတွေ၊ ယာဉ်တွေနဲ့ လေယာဉ်ပြေးလမ်းတွေ ထိခိုက်ပျက်စီးတာ မရှိဘူးလို့လည်း သိရပါတယ်။
ဒါပေမယ့် ထွက်ပေါ်လာတဲ့ တိုက်ခိုက်မှုဗီဒီယိုထဲမှာတော့ လေယာဉ် ၆ စီးလောက်ကို တော်လှန်ရေးအင်အားစုဘက်က ဒရုန်းတွေနဲ့ ဝင်ရောက်တိုက်ခိုက်နေတာကို တွေ့ရပါတယ်။
အဲဒီလို တိုက်ခိုက်မှုတွေအပြင် အခြေခံအဆောက်အအုံတွေ၊ လမ်းတွေ၊ တံတားတွေ၊ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေကို မိုင်းထောင်ဖောက်ခွဲတာ၊ ရှော့တိုက်ဒုံးတွေနဲ့ အဝေးကနေ ပစ်ခတ်တာ၊ ဒရုန်းတွေ အသုံးပြုပြီး တိုက်ခိုက်တာတွေကို PDF တွေက လုပ်ဆောင်နေတယ်လို့လည်း စစ်တပ်ဘက်က စွပ်စွဲထားပါတယ်။
အခုလို လေကြောင်းပို့ဆောင်ရေးအတွက် အသုံးပြုနေတဲ့ လေယာဉ်ကွင်းတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်လို့ စစ်တပ်က ပြောထားပြီး အဲဒီလုပ်ရပ်တွေကို ဝိုင်းဝန်းကန့်ကွက်ရှုတ်ချကြဖို့လည်း တိုက်တွန်းထားပါတယ်။