တော်လှန်ရေးမှာ စစ်ရေးတာဝန်တွေကို စွမ်းစွမ်းတမံ ထူးခြားကျေပွန်စွာ ထမ်းဆောင်ခဲ့ကြတဲ့ ရဲဘော် ၂ ထောင်နီးပါးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စစ်ဘက်ဆိုင်ရာ သူရဲကောင်း ဘွဲ့၊ ဆု နဲ့ တံဆိပ်တွေကို ချီးမြှင့်ခဲ့တယ်လို့ စက်တင်ဘာ ၇ ရက်မှာ ထုတ်ပြန်လာပါတယ်။
NUG က စစ်ဘက်ဆိုင်ရာ သူရဲကောင်း ဘွဲ့၊ ဆု နဲ့ တံဆိပ် ချီးမြှင့်ခံရသူ စုစုပေါင်း ၁,၇၉၂ ဦး အထိ ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မှ ၁,၄၄၂ ဦး၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDO) မှ ၃၂၄ ဦးနဲ့ မဟာမိတ်တော်လှန်ရေး အဖွဲ့အစည်းတွေမှ ၂၆ ဦးတို့ ပါဝင်ပြီး ဘွဲ့၊ ဆု ၊တံဆိပ်ချီးမြှင့်ခံရသူများထဲမှာ စစ်ဒေသ၊ တပ်မ၊ တပ်ရင်း၊ တပ်ဖွဲ့အလိုက် ချီးမြှင့်မှု ၄၅ ဖွဲ့ပါဝင်တယ်လို့ ဆိုပါတယ်။
တော်လှန်ရေး (၅) နှစ်တာ ကာလအတွင်း အသက်၊ ခန္ဓာ နဲ့ ကိုယ်ကျိုးစီးပွားတွေကို မငဲ့ကွက်ဘဲ စစ်ရေးတာဝန်တွေ ရဲဝံ့စွာ စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့ကြတဲ့ သူရဲကောင်းတွေကို ချီးကျူးဂုဏ်ပြုတဲ့ အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် တည်ထောင်ခြင်း (၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ချီးမြှင့်တာလို့ ဆိုပါတယ်။
ဒီအခမ်းအနားကို ပြည်သူ့ခုခံတွန်းလှန်စစ် (၅) နှစ်မြောက်နေ့ဖြစ်သော ၂၀၂၆ ခုနှစ် စက်တင်ဘာလ (၇) ရက် သမိုင်းဝင်နေ့မှာ အွန်လိုင်း နဲ့ မြေပြင် (၂)မျိုးပေါင်းစပ်ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
ပြည်သူ့တော်လှန်ရေး ဂုဏ်ဆောင်ဘွဲ့ (HPR)၊ ပြည်သူ့တော်လှန်ရေး သူရဲကောင်းဘွဲ့ (LPR)၊ ပြည်သူ့ဇာနည်ဆု (PMNS)၊ ပြည်သူ့သားကောင်းဆု (PMLS)၊ တော်လှန်ရေးအမှုထမ်းကောင်းတံဆိပ် (BRS) တို့ကို ချီးမြှင့်ခဲ့ပြီး HPR ဘွဲ့ ရရှိသူ (၁) ဦး၊ LPR ဘွဲ့ ရရှိသူ (၂၁) ဦး၊ PMNS ဆု ရရှိသူ (၁၆၄၇) ဦး၊ PMLS ဆု ရရှိသူ (၈၁) ဦး၊ BRS တံဆိပ် ရရှိသူ (၄၂) ဦး ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခမ်းအနားကိုတော့ ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီမှ အဖွဲ့ဝင်တွေ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှ ခေါင်းဆောင်တွေ၊ ဖက်ဒရယ်ယူနစ်အစိုးရ နဲ့ ဖက်ဒရယ်လွှတ်တော်တွေမှ တာဝန်ရှိသူတွေ၊ မဟာမိတ်တော်လှန်ရေး အဖွဲ့အစည်းတွေ၊ မဟာမိတ်တပ်ဖွဲ့ဝင်တွေ နဲ့ PDF၊ PDO တို့မှ တပ်မှူးတွေ၊ ရဲဘော်တွေ စုစုပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။





