Home » ENDA ဖမ်းသွားတဲ့ လူငယ်တွေကို ပြန်လွှတ်ဖို့ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ပြော

ENDA ဖမ်းသွားတဲ့ လူငယ်တွေကို ပြန်လွှတ်ဖို့ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ပြော

by Homeland Author

စစ်ကိုင်းတိုင်း အထက်ပိုင်း ခန္တီးမြို့နယ်အတွင်း အရှေ့နာဂအမျိုးသားအဖွဲ့အစည်း (ENNO/ENDA) အတင်းအဓမ္မဖမ်းဆီးသွားတဲ့ လူငယ်တွေကို ပြန်လွှတ်ပေးဖို့ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှု (ဗဟို) အဖွဲ့က ဇူလိုင် ၃၁ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

ခန္တီးမြို့နယ် အထက်မြစ်ကြောင်းကျေးရွာနေ ပြည်သူတွေကို နာဂလက်နက်ကိုင်အဖွဲ့ (ENNO/ENDA) က ဖမ်းဆီးသွားခြင်းကြောင့် ၎င်းတို့ရဲ့ မိသားစုအတွက်သာမက ဒေသခံ ပြည်သူတစ်ရပ်လုံးအကြား စိုးရိမ်ပူပန်မှုနဲ့ မလုံခြုံမှုတွေ ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။

ပြည်သူတွေရဲ့ အသက်နဲ့ လုံခြုံရေးကို ကာကွယ်ဖို့နဲ့ ဒေသတည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းဖို့အတွက် ENNO/ENDA က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ပြည်သူတွေအားလုံးရဲ့ အသက်နဲ့ လုံခြုံရေးကို အပြည့်အဝ အာမခံပေးဖို့ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှု(ဗဟို) က တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လူငယ်တွေကို ဘယ်အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှု၊ ဖိအားပေးမှု (သို့မဟုတ်) ထိခိုက်နစ်နာစေမှုမျိုးကိုမျှ မပြုလုပ်ဖို့၊ ၎င်းတို့ရဲ့ မိသားစုဝင်တွေအနေနဲ့ စိုးရိမ်ပူပန်မှု မရှိစေဖို့ ဖမ်းဆီးခံ လူငယ်တွေရဲ့ အခြေအနေနဲ့ လုံခြုံရေးအခြေအနေကို သင့်လျော်တဲ့ နည်းလမ်းဖြင့် အသိပေးဖို့ ဆိုပါတယ်။

ပြည်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းနဲ့ ပတ်သက်၍ ပြဿနာတစ်စုံတစ်ရာ ရှိပါက လက်နက်အင်အားဖြင့် ဖြေရှင်းခြင်းမပြုဘဲ သက်ဆိုင်သူတွေနဲ့ ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်း၍ ဖြေရှင်းဖို့ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှု(ဗဟို) က ပြောပါတယ်။

အခုလို ပြည်သူလူထုတွေကို ENNO/ENDA က လက်နက်ပြခြိမ်းခြောက်၍ အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်တာဟာ လူထုအတွင်း စိုးရိမ်ကြောက်ရွံ့မှု ဖြစ်ပေါ်စေတဲ့ လုပ်ရပ်တွေ ထပ်မံမဖြစ်ပွားစေဖို့ ထိန်းသိမ်းမှုတွေ ပြုလုပ်ဖို့ တောင်းဆိုထားပါတယ်။

လက်ရှိဖြစ်စဉ်ဟာ ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ ပြည်သူတွေ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေရဲ့ ရေရှည်အကျိုးစီးပွားကို ရှေ့ရှု၍ အမြန်ဆုံး အပြုသဘောဆောင် ဖြေရှင်းဖို့လည်း နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှု(ဗဟို) က တောင်းဆိုခဲ့ပါတယ်။

ခန္တီးမြို့နယ် မှန်ပင်ကျေးရွာ၊ ကင်းတော်ရွာ၊ ကောင်းမှုရွာ၊ အောက်ဖောင်ဆိုင်ရွာနဲ့ ကောင်းဟိန်ရွာ စတဲ့ကျေးရွာတွေမှာ ဇူလိုင် ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ ရှမ်းနီ၊ နာဂ၊ ဗမာလူငယ် ၇၀ ကျော်ကို ENNO/ENDA က အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပဲ ဖြစ်ပါတယ်။

ENNO/ENDA က အဓမ္မဖမ်းဆီးသွားတဲ့ လူငယ်တွေကို အချိန်ဆွဲခြင်းမပြုဘဲ အမြန်ဆုံး ဘေးကင်းလုံခြုံစွာ ပြန်လည်စေလွှတ်ပေးဖို့နဲ့ အခုလို ဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေဖို့ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှု(ဗဟို) က တောင်းဆိုခဲ့ပါတယ်။

ရှမ်းနီအမျိုးသားများ ညီညွတ်ရေးကောင်စီ/ရှမ်းနီအမျိုးသားများတပ်မတော် (SNUC/SNA) က ENNO/ENDA အနေဖြင့် ၎င်းတို့ လူမျိုးဖြစ်တဲ့ နာဂလူမျိုးကို ဖမ်းဆီးမှုမှာ မိမိတို့မှ မည်သို့မျှ ပြောဆိုဖို့ အကြောင်းမရှိကြောင်း သို့သော်လည်း ခန္တီးမြို့နယ်အတွင်းက မူလဌာနေလူမျိုးတွေဖြစ်တဲ့ ရှမ်းနီပြည်သူတွေကို ၂၂ ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဒီနေ့ ဩဂုတ် ၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် သမိုင်းအစဉ်အလာနဲ့ မိမိတို့ ရှမ်းနီဒေသဖြစ်တဲ့ ခန္တီးခရိုင်အပါအဝင် ဒေသအတွင်း မတရားကျူးကျော်၍ ဒေသတွင်း ရှမ်းနီပြည်သူလူထုကို မတရားဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ မတရား ဆက်ကြေးတွေ ထမ်းဆောင်စေခြင်း စတဲ့ ဘယ်အကြမ်းဖက်လုပ်ရပ်တွေကိုဆို ပြင်းထန်စွာ ကန့်ကွက်ပါကြောင်းနဲ့ ထိရောက်စွာ တူညီတဲ့ လက်တုန့်ပြန်မှုတွေကို ဆောင်ရွက်သွားမယ်လို့ SNUC/SNA က သတိပေးထားပါတယ်။

related posts

Leave a Comment