အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်က မြို့သုံးခုကို စစ်တပ်က မနေ့က ဇူလိုင် ၁၉ ရက် တစ်ရက်တည်းမှာပဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
AA ထိန်းချုပ်ထားတဲ့ သံတွဲမြို့၊ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ မအီမြို့တို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၅ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၂၀ ကျော် ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အဲဒီဗုံးကြဲတိုက်ခိုက်မှုမှာ သံဃာတော် ၃ ပါးလောက် ဒဏ်ရာရတယ်။ မအီမှာ တစ်ပါး၊ ပုဏ္ဏားကျွန်းမှာ ၂ ပါး ပါတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ ဇူလိုင် ၁၉ ရက် နေ့လယ် ၁၁ နာရီလောက်မှာ တောင်ကုတ်မြို့နယ် မအီမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၅ ဦး သေဆုံးပြီး ၁၅ ဦးလောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် ညနေ ၄ နာရီကျော်မှာ သံတွဲမြို့ကို ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ညနေ ၆ နာရီခွဲလောက်မှာတော့ ပုဏ္ဏားကျွန်းမြို့နယ်ကို ထပ်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံဃာတော် ၂ ပါးအပါအဝင် အရပ်သား ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အာရက္ခတပ်တော် (AA) က ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ် နဲ့ ချင်းပြည်နယ်၊ ပလက်ဝဒေသတို့ကို သိမ်းပိုက်ထားနိုင်သလို ကျန်ရှိသော စစ်တွေ၊ ကျောက်ဖြူ နဲ့ မာန်အောင်မြို့တို့မှာလည်း စစ်တပ် နဲ့ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေတယ်လို့ သိရပါတယ်။