Home » မိုင်းရှင်းလင်းရေး လုပ်ဆောင်ပေးဖို့ သျှမ်းမြောက်ဒေသခံတွေ လိုလားနေ

မိုင်းရှင်းလင်းရေး လုပ်ဆောင်ပေးဖို့ သျှမ်းမြောက်ဒေသခံတွေ လိုလားနေ

by Homeland Author

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နဲ့ နောင်ချိုမြို့နယ်တွေမှာ ၁၀၂၇ စစ်ဆင်ရေးအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ နဲ့ မြန်မာစစ်တပ်တို့ ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းတွေကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးတာတွေ ရှိလာနေတာကြောင့် မိုင်းရှင်းလင်းပေးဖို့ ဒေသခံတွေက လိုလားနေကြတယ်လို့ ဆိုပါတယ်။

အခုရာသီဟာ ဒေသခံတွေအတွက် မှိုနုတ်၊ မျှစ်ချိုး၊ တောင်ယာလုပ်ငန်းခွင်တွေကို သွားရောက်ကြတာဖြစ်ပြီး ကွတ်ခိုင် နဲ့ နောင်ချိုမြို့နယ်တွေမှာ လမ်းမကြီးတစ်လျှောက်အပြင် တောင်သူတွေရဲ့ လယ်ယာလုပ်ငန်းခွင်တွေမှာလည်း မိုင်းတွေ ရှိတယ်လို့ ဆိုပါတယ်။

ကွတ်ခိုင် နဲ့ နောင်ချိုမြို့နယ်တွေကို ကိုးကန့်တပ် (MNDAA) နဲ့ စစ်တပ် တို့ ထိန်းချုပ်ထားတဲ့ ဒေသတွေ ဖြစ်တာကြောင့် အဲဒီတပ်ဖွဲ့တွေက ဦးဆောင်ပြီး မိုင်းရှင်းလင်းရေးတွေကို လုပ်ဆောင်ပေးဖို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

“၁၀၂၇ ကာလတုန်းကတော့ သူထောင်ကိုယ်ထောင်တွေ ရှိကြတယ်လေ။ သူထောင်ကိုယ်ထောင်တွေ ရှိကြတယ်ဆိုတော့ ၁၀၂၇ ကာလနောက်ပိုင်းမှာလည်း လမ်းမကြီးဘေးမှာတောင် မိုင်းတွေရှိတာတို့၊ နောက် အတွင်းလမ်းတွေမှာ မိုင်းတွေရှိတာတို့ အဲဒါတွေ တောက်လျှောက်ဖြစ်တယ်။ အခုလက်ရှိ သက်ဆိုင်ရာကလည်း အခုလက်ရှိ အစိုးရကလည်း ဒီဘက်မှာ နယ်မြေလွှမ်းမိုးမှု မရှိဘူး။ ဒီမှာက လက်ရှိ MNDAA ပဲ သူတို့ သျှမ်းမြောက် ကွတ်ခိုင်ဘက်မှာ ဖြစ်နေတယ်ဆိုတော့ သူတို့ကတော့ မိုင်းရှင်းလင်းရေးတွေဘာတွေကိုတော့ ဦးဆောင်ပြီးတော့ လုပ်တာ မတွေ့ရသေးဘူး။ ဒါပေမယ့် မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်ပေးမယ်ဆိုရင်တော့ တအားကောင်းတာပေါ့” လို့ ပြောပါတယ်။

စစ်ရေးပဋိပက္ခဖြစ်ပွားခဲ့တဲ့ ကျေးရွာတွေ၊ တောင်ယာခြံတွေ၊ တောင်ခမ်း၊ မတ်လွတ်ကျေးရွာနဲ့ ဂုတ်တွင်းတံတားဝန်းကျင်တွေမှာလည်း မိုင်းတွေ ကျန်ရှိနိုင်ခြေများတယ်လို့ သိရပါတယ်။

သျှမ်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်မှာ နောင်ချိုမြို့နယ် ယာပြင်ကျေးရွာက အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ကြံခင်းထဲမှာ ခြံစည်းရိုးခုတ်ရင်း မိုင်းနင်းမိခဲ့ပြီး ခြေထောက်တစ်ဖက် ပြတ်သွားခဲ့ပါတယ်။

အဲဒီနောက် တောင်ရှည်ရွာက အသက် ၈၀ နှစ်အရွယ်ရှိတဲ့ ဦးလှမောင်ကလည်း ပိုးစာပင်အမြစ်တွေရှင်းရင်း မြေမြှုပ်မိုင်းကို ဓားနဲ့ ခုတ်မိရာကနေ ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါတယ်။

နောင်ချိုဒေသခံတွေဟာ ခြံရှင်းရင်း မိုင်းနင်းမိတာ၊ အလုပ်သွားရင်း မိုင်းနင်းမိတာ နဲ့ နေအိမ်ခြံဝန်းအတွင်း ရှင်းလင်းရင်း မိုင်းနင်းမိတာတွေ ဆက်တိုက်ဆိုသလို ထိခိုက်သေဆုံးမှုတွေ ဖြစ်ပေါ်နေပြီး ဒေသခံတွေဟာ တောင်ယာကို သွားလာဖို့ ကြောက်ရွံ့နေကြတာကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေကို အမြန်ဆုံး ဆောင်ရွက်ပေးဖို့ တောင်းဆိုနေကြပါတယ်။

ဒေသခံတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေက မိုင်းရှင်းလင်းရေးနဲ့ ပတ်သက်ပြီး တောင်းဆိုတာတွေ ရှိပေမယ့်လည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ အခုထက်ထိ လုပ်ဆောင်ပေးတာ မရှိသေးဘူးလို့ ကွတ်ခိုင်မြို့နယ်မှ ဒေသခံတစ်ယောက်က ပြောပါတယ်။

“မိုင်းရှင်းဖို့ကိစ္စက ဦးတို့အဖွဲ့တွေအပါအဝင် ဒီကအဖွဲ့တွေ တင်ပြဖူးတယ်။ ဒီနေရာတွေ ဒီနေရာတွေမှာ မိုင်းရှင်းပေးဖို့ဆိုပြီး သူတို့ကတော့ လုပ်ပေးမလိုလို၊ မလုပ်ပေးဘူးလိုလို အစပိုင်းတုန်းကတော့ ချက်ချင်းပဲ လုပ်ပေးမလိုလိုနဲ့ အခုလည်း အခုချိန်ထိ ဘာမှမလုပ်ပေးသေးဘူး” လို့ ပြောပါတယ်။

သျှမ်းမြောက်မှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီကနေ ဇွန်လအထိ ၅ လကျော်အတွင်း မြေမြှုပ်မိုင်းတွေကြောင့် ကလေးတစ်ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရွှေဖီမြေသတင်းဌာနက ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။

related posts

Leave a Comment