ပြည်ထောင်စုအတွင်း ပကတိဖြစ်တည်နေတဲ့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းဖြင့် ဆက်လက်အဖြေရှာ ဖြေရှင်းသွားဖို့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ပြောပါတယ်။
ဇူလိုင် ၅ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပခဲ့တဲ့ SSPP ရဲ့ ၂၀၂၆ ခုနှစ် ပထမ (၆) လပတ် ဗဟိုကော်မတီမျက်နှာစုံညီ အစည်းအဝေး ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။
အဲဒီအစည်းအဝေးအတွင်း SSPP ပါတီလုပ်ငန်းဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ၊ စစ်ရေးဆိုင်ရာ၊ အုပ်ချုပ်ရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အစရှိတဲ့ အခြေအနေတွေကိုလည်း သုံးသပ်ပြီး ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၅ နှစ်ချုပ်အစည်းအဝေးမှာ ချမှတ်ထားခဲ့တဲ့ ၂၀၂၆ ခုနှစ်အတွင်း လုပ်ဆောင်ဖို့ ကျန်ရှိနေသေးတဲ့ ဆုံးဖြတ်ချက်တွေကို ပြီးစီးအောင်မြင်အောင် ဆက်လက်ဆောင်ရွက်သွားဖို့ ပြောပါတယ်။
အုပ်ချုပ်ရေးနယ်မြေအတွင်းရှိ ပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေး လိုအပ်ချက်တွေကို အချိန်နဲ့တပြေးညီ လက်တွေ့ကျကျဖြည့်ဆည်းသွားကြဖို့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းတွေကို အရှိန်မပျက် ဆက်လက်လုပ်ဆောင်သွားဖို့ ဆိုပါတယ်။
ဒါ့အပြင် နယ်မြေအတွင်း အွန်လိုင်းငွေကြေးလိမ်လည်မှု နဲ့ ဆက်စပ်ရာဇဝတ်မှုတွေ မရှိစေရေးအတွက် အထူးကြပ်မတ်ဆောင်ရွက်သွားကြဖို့ SSPP က ပြောပါတယ်။
နယ်မြေတည်ငြိမ်အေးချမ်းရေး နဲ့ ပြည်သူ့လုံခြုံမှုရှိစေရေးတို့အတွက် ဆက်စပ်ပတ်သက်တဲ့ အဖွဲ့အစည်းတွေ နဲ့ ထိတွေ့ဆက်ဆံညှိနှိုင်းပြီး ပြည်ထောင်စုအတွင်း ပကတိဖြစ်တည်နေတဲ့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းဖြင့် ဆက်လက်အဖြေရှာ ဖြေရှင်းသွားဖို့ သဘောထား ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့က နေပြည်တော်မှာ SSPP ဟာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။