Home » မင်းပြားနဲ့ ပေါက်တောမြို့ကို အဉ္ဇနပူရ၊ ဝီရဌာနီ ဟု AA အမည်ပြောင်း

မင်းပြားနဲ့ ပေါက်တောမြို့ကို အဉ္ဇနပူရ၊ ဝီရဌာနီ ဟု AA အမည်ပြောင်း

by Homeland Author

အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်အတွင်းက မင်းပြားနဲ့ ပေါက်တောမြို့ကို ရခိုင်ရာဇဝင်လာ နာမည်တွေနဲ့ ပြောင်းလဲသတ်မှတ်ထားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

မင်းပြားမြို့ကို နက်မှောင်ကြည်လင်တဲ့ ကျောက်မျက်မြို့လို့ အဓိပ္ပါယ်ရတဲ့ “အဉ္ဇနပူရ” လို့ နာမည်ပြောင်းထားပြီး ပေါက်တောမြို့ကို သူရဲကောင်းတို့မြို့လို့ အဓိပ္ပါယ်ရတဲ့ “ဝီရဌာနီ” လို့ ပြောင်းလဲသတ်မှတ်ထားတာ ဖြစ်ပါတယ်။

အဲဒါအပြင် မြို့တွေကို နာမည်ပြောင်းတဲ့အပြင် မှတ်ပုံတင်မှာပါတဲ့ ၁၁/ပမနနိုင်တို့, ၁၁/ပတနနိုင်တို့ကိုလည်း ပြောင်းလဲမယ်လို့လည်း ဒေသခံတစ်ယောက်က ပြောပါတယ်။

မြို့နာမည်ပြောင်းလဲတဲ့ အထိမ်းအမှတ်နဲ့ အာရက္ခဒေသ စိမ်းလန်းစိုပြေရေးအတွက် ULA/AA အုပ်ချုပ်ရေး အဖွဲ့တွေ၊ သစ်တောနဲ့ မီးသတ်ဌာန၊ လူငယ်နဲ့ အမျိုးသမီးအင်အားစုတွေ စုပေါင်းပြီး ဇူလိုင်လ အစောပိုင်းက သစ်ပင်စိုက်ပျိုးပွဲတွေ ပြုလုပ်ခဲ့ကြပြီး အဲဒီပွဲမှာ မြို့နာမည်ပြောင်းတဲ့အကြောင်းကို ပြောကြားလာတာ ဖြစ်ပါတယ်။

မင်းပြားနဲ့ ပေါက်တောမြို့ကို မြို့နာမည် ပြောင်းတာနဲ့ ပတ်သက်ပြီး အာရက္ခတပ်တော် AA က အတည်ပြုထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

မြို့နာမည်ပြောင်းတာက ဒေသခံတွေအနေနဲ့ ကြိုဆိုကြပေမယ့် မြို့နာမည်နဲ့အညီ မှတ်ပုံတင်တွေကိုလည်း ပြောင်းလဲမှာ ဖြစ်တာကြောင့် ဒေသခံတွေအနေနဲ့ ရခိုင်ပြင်ပကို သွားရောက်တဲ့အခါမှာ အခက်အခဲ ရှိနိုင်တယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

မင်းပြားမြို့ အမည်ပြောင်းလဲတာကို ကြိုဆိုတဲ့အနေနဲ့ မင်းပြား – မြောက်ဦး လမ်းမနဲ့ မင်းပြား – မြေပုံ ဟိုင်းဝေးလမ်းမတစ်လျှောက် မလေးရှားပိတောက်နဲ့ စိန်ပန်းပင်တွေကို အဓိကထား စိုက်ပျိုးခဲ့ကြပြီး ပေါက်တောမြို့မှာလည်း နှစ်ရှည်ကျွန်းပင်တွေကို စိုက်ပျိုးခဲ့ကြပါတယ်။

အဲဒါအပြင် အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ရခိုင်ဒေသနဲ့ ချင်းပြည် ပလက်ဝမြို့နယ်တို့မှာ မြန်မာစာဖတ်စာကို ရခိုင်ဖတ်စာနဲ့ အစားထိုးသင်ကြားဖို့ စီစဉ်နေသလို အဲဒီ ရက္ခိုင်ဖတ်စာသင်ရိုးမှာလည်း ရှေးခေတ်ရခိုင်စာဆိုတွေရဲ့ ကဗျာ၊ ရသစာတမ်းနဲ့ ဝတ္ထုတိုတွေကို သင်ကြားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

related posts

Leave a Comment