Home » ရွှေပြည်အေးအနီး KIA/PDF တပ်စခန်း ၁ ခု SNA ထပ်မံသိမ်းပိုက်ဟု ဆို

ရွှေပြည်အေးအနီး KIA/PDF တပ်စခန်း ၁ ခု SNA ထပ်မံသိမ်းပိုက်ဟု ဆို

by Homeland Author

ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့အနီး ဂွေးတောက်ကုန်းကျေးရွာအုပ်စု တီလောင်ကျေးရွာအနီးမှာရှိတဲ့ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နဲ့ လက်အောက်ခံအဖွဲ့တို့ရဲ့ စခန်းတစ်ခုကို ဇွန်လ ၁၅ ရက်နေ့က ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ထပ်မံသိမ်းပိုက်လိုက်တယ်လို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အဲဒီ တိုက်ပွဲအတွင်း KIA လက်အောက်ခံတပ်ဖွဲ့တို့ရဲ့ လက်နက်ခဲယမ်း နဲ့ ဆက်စပ်ပစ္စည်းအချို့ သိမ်းပိုက်ရမှုအခြေအနေကိုတော့ ထုတ်ပြန်လာတဲ့ မှတ်တမ်းဓာတ်ပုံအရ သိရပါတယ်။

အလားတူ ပြီးခဲ့တဇွန်လ ၄ ရက်နေ့ကလည်း SNA တပ်မဟာ ၈၉၁၊ တပ်ရင်း (၂) အခြေစိုက်ထားတဲ့ တီလောင်တပ်စခန်းရဲ့ တောင်ဖက်က KIA လက်အောက်ခံတပ်ဖွဲ့တို့ရဲ့ တပ်စခန်း ၅ ခုကို SNA က ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း တပ်စခန်း ၅ ခုကို တစ်ရက်အတွင်း သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက် ၃ လက်၊ ခဲယမ်းအချို့နဲ့ အလောင်း ၂ လောင်းကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါ တပ်စခန်းတွေဟာ တပ်မဟာ ၈၉၁၊ တပ်ရင်း (၂) နယ်မြေအတွင်းမှာ နှစ်နဲ့ချီပြီး ဝင်ရောက်နေရာယူထားခဲ့တာဖြစ်ပြီး အခု ပြန်လည်ထိုးစစ်ဆင်ရာကနေ သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီနောက် ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်းရှိ အဝင်အထွက်ဂိတ်တွေ၊ ကုန်းလမ်းနဲ့ ရေလမ်းဂိတ်တွေ၊ အခွန်ဂိတ်တွေအားလုံးကို ပိတ်ပင်လိုက်တယ်လို့ ၂၀၂၆ ခုနှစ် ဇွန်လ ၁၀ ရက်နေ့မှစ၍ ပိတ်ပင်လိုက်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အလားတူ ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြစ်ပြင်တလျှောက် နဲ့ သောင်သွပ်တိုက်နယ်အတွင်းရှိ အသုံးပြုနေတဲ့ STAR LINK၊ အင်တာနက်၊ ဝိုင်ဖိုင်အသုံးပြုမှုတွေအားလုံးကိုလည်း ဇွန်လ ၁၀ ရက်မှစတင်၍ အသုံးပြုခွင့် ပိတ်ပင်ထားပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာကတော့ ရွှေပြည်အေးမြို့နဲ့ မျက်နှာချင်းဆိုင် ချင်းတွင်းမြစ် အနောက်ဘက်ကမ်းမှာ ဖြစ်ပြီး မုံရွာမြို့ကနေ ဆန်တင်လာတဲ့ ကုန်တင်ရေယာဉ်တွေကို KIA/HPDF-124 အဖွဲ့က ပိတ်ပင်တားဆီးထားတဲ့ နေရာအနီးဝန်းကျင် ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း ရွှေပြည်အေးမြို့အနီးမှး ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့ KIA လက်အောက်ခံအဖွဲ့တွေကြား နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

related posts

Leave a Comment