တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားမှုအရ ဦးမင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံကို ဇွန်လ ၁၅ ရက်နေ့ကနေ ဇွန်လ ၁၉ ရက်နေ့အထိ ၅ ရက်တာ ခရီးစဉ်အဖြစ် သွားရောက်နေပါတယ်။
အဲဒီခရီးစဉ်အတွင်း တရုတ် – မြန်မာ နယ်စပ်တစ်လျှောက် လှုပ်ရှားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ကိစ္စရပ်နဲ့ ပတ်သက်ပြီး ဆွေးနွေးမှု တစ်စုံတစ်ရာ ရှိနိုင်တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းကြား သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
လက်ရှိမှာတော့ တရုတ်-မြန်မာနယ်စပ်မှာ ကိုးကန့်တပ်ဖွဲ့ (MNDAA) နဲ့ တအာင်းတပ်ဖွဲ့ (TNLA) တို့က စစ်တပ်နဲ့ အပစ်အခတ်ရပ်စဲထားပြီး၊ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ကတော့ စစ်တပ်နဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
KIA အနေနဲ့ ၎င်းတို့တစ်ဖွဲ့တည်းကိုပဲ ငြိမ်းချမ်းရေးဖိတ်ခေါ်ရင် မလာနိုင်ဘူးလို့ ပြောဆိုထားသော်လည်း၊ လုံးဝမလာဘူးလို့ ငြင်းဆိုထားတာမျိုး မဟုတ်တဲ့အတွက် ငြိမ်းချမ်းရေးမရရင်တောင် ဆွေးနွေးမှုတွေ ရှိလာနိုင်တယ်လို့ မြန်မာနိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။
“အဖွဲ့အားလုံးနဲ့ အပစ်အခတ်ရပ်စဲဖို့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့တော့ တရုတ်ဘက်က ဖိအားပေးနေတာပဲ။ KIA ကလည်း သူတို့ တစ်ဖွဲ့တည်းခေါ်ရင်တော့ မလာဘူးလို့ ပြောထားတာပဲ။ လုံးဝမလာဘူးလို့ ပြောထားတာ မဟုတ်ဘူးလေ။ အဲဒီတော့ တစ်စုံတစ်ခုသော စည်းမျဉ်းအောက်မှာတော့ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ငြိမ်းချမ်းရေး ရမရတာကတော့ တစ်ပိုင်းပေါ့နော်၊ အစည်းအဝေးတွေကတော့ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ ကြည့်ရတာ” လို့ ပြောပါတယ်။
အလားတူ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA နဲ့ AA တို့အနေနဲ့လည်း နေပြည်တော်မှာ စစ်တပ်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတာမျိုး မဟုတ်သည့်တိုင်၊ တရုတ်ပြည်မှာ စစ်တပ်နဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးတာမျိုး ဖြစ်လာနိုင်တယ်လို့ ဒေါက်တာလှကျော်ဇောက ဆက်ပြောပါတယ်။
လက်ရှိ ဦးမင်းအောင်လှိုင်ရဲ့ ခရီးစဉ်အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံကြား နားလည်မှုစာချွန်လွှာ (၁၈) ခုကို သက်ဆိုင်ရာကဏ္ဍအလိုက် လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ သိရပါတယ်။
KIA အနေနဲ့ တရုတ်နယ်စပ်မှာ အခြေပြုလှုပ်ရှားသော်လည်း တစ်ဖက်မှာ အိန္ဒိယနိုင်ငံရှိနေတာကြောင့် ရပ်တည်ချက် ကွဲပြားနိုင်ကြောင်း၊ သို့သော်လည်း တရုတ်ဖိအားက အတိုင်းအတာ တစ်ခုအထိ သက်ရောက်မှုရှိနိုင်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က ပြောပါတယ်။
“သျှမ်းပြည်မှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ပုံစံက တစ်မျိုးဖြစ်ပြီး၊ သူတို့နဲ့ ကချင်နဲ့ကျတော့ နည်းနည်းကွဲပြားလိမ့်မယ် ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်နယ်စပ်မှာ ရှိနေတယ်ဆိုပေမဲ့ ကချင်ကျတဲ့အခါမှာ တစ်ဖက်ခြမ်း အိန္ဒိယဆိုတဲ့ နိုင်ငံလည်း ရှိနေတယ်။ နောက်ပြီး သူတို့ရဲ့ ရပ်တည်ချက်ပုံစံကလည်း နည်းနည်းကွဲပြားတဲ့အတွက် အဲဒါလေးတစ်ခုတော့ သတိထားဖို့ လိုအပ်မယ် ထင်ပါတယ်။ နောက်တစ်ဆက်တည်းမှာပဲ တရုတ်ရဲ့ ဖိအားကလည်း အတိုင်းအတာတစ်ခုအထိ သက်ရောက်မှုရှိနိုင်ပါတယ်။ အဲဒါကြောင့်လည်း တိုင်းရင်းသားတော်လှန်ရေးအနေနဲ့ဆိုရင် လုပ်ကိုင်ဆောင်ရွက်မှုတွေ၊ တိုက်ပွဲဖော်ဆောင်မှုတွေမှာအစ သတိထားပြီး ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်ဆောင်ပေးဖို့ လိုလိမ့်မယ်လို့ မြင်မိပါတယ်ခင်ဗျာ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မေလကုန်ပိုင်းကလည်း ဦးမင်းအောင်လှိုင်ဟာ အိန္ဒိယနိုင်ငံဆီ ၅ ရက်ကြာ ခရီးစဉ် သွားရောက်ခဲ့ပြီး အိန္ဒိယ – မြန်မာ ကုန်သွယ်ရေး ပြန်လည်စတင်နိုင်ရေး သဘောတူညီခဲ့ကြပါတယ်။
အဲဒီနောက် အိန္ဒိယ – မြန်မာနယ်စပ် တမူး၊ ကလေးလမ်းပိုင်းတစ်လျှောက်မှာ အခြေပြုလှုပ်ရှားနေတဲ့ လက်နက်ကိုင်အဖွဲ့တွေကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ဒါကြောင့် လက်ရှိ ဦးမင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်အပြီးမှာ တရုတ် – မြန်မာနယ်စပ်မှာ အခြေပြုလှုပ်ရှားနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအပါအဝင် တခြားသော အဖွဲ့တွေအပေါ် သက်ရောက်မှု ရှိလာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
လက်ရှိမှာလည်း စစ်တပ်နဲ့ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) တို့ဟာ ဗန်းမော်၊ ဖားကန့်၊ ရွှေကူတို့မှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။