ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားတဲ့ သျှမ်းပြည်နယ်မြောက်ပိုင်းက စာသင်ကျောင်းတွေမှာ တရုတ်စာကို အဓိကထားပြီး သင်ကြားဖို့ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ MNDAA ဟာ သျှမ်းမြောက်ဒေသက လောက်ကိုင်၊ ကုန်ကြမ်း၊ ချင်းရွှေဟော်၊ ကွမ်းလုံ၊ မုံးကိုး၊ သိန္ဒီ နဲ့ ကွတ်ခိုင်မြို့တွေကို သိမ်းပိုက်ထိန်းချုပ်ထားတာပါ။
လက်ရှိ သူတို့ထိန်းချုပ်ထားတဲ့ သိန္နီမြို့မှာဆိုရင် အိမ်ထောင်စုဇယားတွေ၊ ဈေးဆိုင်ဆိုင်းဘုတ်တွေနဲ့ မြို့နာမည်တွေကို တရုတ်စာတွေနဲ့ ပြောင်းလဲပစ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အခမ်းအနားပွဲတွေမှာလည်း တရုတ်လိုပဲ ပြောဆိုကြပြီး၊ မြို့ထဲမှာ တရုတ်စာနဲ့ တရုတ်ယွမ်ငွေကိုပဲ အဓိက သုံးစွဲနေရတာကြောင့် တရုတ်ပြည်က ဒေသတစ်ခုလို ဖြစ်နေပြီလို့ သိရပါတယ်။
အခုနောက်ပိုင်း ကျောင်းပညာရေးမှာလည်း တရုတ်စာကို မဖြစ်မနေ သင်ရမယ့် အဓိကဘာသာရပ် ဖြစ်လာပြီး၊ မြန်မာဘာသာစကားက ဒုတိယနေရာပဲ ရတော့မယ့်ပုံစံမျိုး ကြားနေရတယ်လို့ ကျားဖြူပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းလင်းက ပြောပါတယ်။
“ကျောင်းပညာရေးကတော့ ထိခိုက်တာပေါ့ဗျာ။ တကယ်တမ်းပြောမယ်ဆိုရင် သူတို့က တရားဝင်အစိုးရမှ မဟုတ်တာဗျ။ သူတို့က တိုက်ပြီးမှ သိမ်းပိုက်ထားတဲ့ ခေတ္တပဲလေ။ သူတို့က တကယ်တမ်းပြောမယ်ဆိုရင် နိုင်ငံတော်အစိုးရကနေ ဦးစီးပြီး ဖွင့်တဲ့ဟာမဟုတ်တော့ ရှင်းရှင်းပြောမယ်ဆိုရင် ဒါက တရားဝင်တာမဟုတ်ဘူးလေ” လို့ ပြောပါတယ်။
သိန္နီမြို့ကို ကိုးကန့်တပ်တွေ အုပ်ချုပ်ပြီးတဲ့နောက် လားရှိုး-မူဆယ် လမ်းမကြီးတစ်လျှောက်နဲ့ သိန္နီမြို့က ဒေသခံ သျှမ်းတိုင်းရင်းသားတွေရဲ့ စိုက်ပျိုးရေးမြေတွေ၊ အချက်အချာကျတဲ့ နေရာက အိမ်တွေကို တရုတ်နိုင်ငံသားတွေက အတင်းအကျပ် လိုက်ဝယ်နေကြတယ်လို့ သိရပါတယ်။
ဒီလိုဝယ်တဲ့နေရာမှာလည်း ကိုးကန့်တပ်ဘက်ကနေ မဖြစ်မနေ ရောင်းပေးဖို့ ဒေသခံတွေကို ဖိအားပေးတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
အခုလို ကျောင်းသင်ခန်းစာတွေမှာ တရုတ်စာကို အဓိကထား သင်ပေးဖို့ လုပ်နေတာဟာ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ကျူးကျော်တာ ဖြစ်တယ်လို့ သျှမ်းမြောက်ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိ သိန္နီမြို့ရဲ့ စီးပွားရေးလုပ်ငန်း တော်တော်များများ ဖြစ်တဲ့ ဈေး၊ ဟိုတယ်၊ KTV၊ အနှိပ်ခန်း၊ စက်သုံးဆီဆိုင်၊ ဆောက်လုပ်ရေး၊ ကုန်စုံဆိုင်၊ စားသောက်ဆိုင်နဲ့ ကြံစိုက်ပျိုးရေး လုပ်ငန်းတွေကို MNDAA ရဲ့ အကူအညီနဲ့ တရုတ်လုပ်ငန်းရှင်တွေကပဲ အဓိက လွှမ်းမိုးထိန်းချုပ်ထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။