Home » ၁၀၂၇ စစ်ဆင်ရေး မြို့သိမ်းတိုက်ပွဲအပြီး UWSA နဲ့ MNDAA တွေ့ဆုံ

၁၀၂၇ စစ်ဆင်ရေး မြို့သိမ်းတိုက်ပွဲအပြီး UWSA နဲ့ MNDAA တွေ့ဆုံ

by Homeland Author

ညီနောင်မဟာမိတ် ၃ ဖွဲ့က ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး မြို့သိမ်းတိုက်ပွဲအပြီး သျှမ်းပြည် ဟိုပန်မြို့မှာ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ Wa News Land ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အဲဒီ ဆွေးနွေးပွဲကို မေလ ၂၈ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပြီး အဓိကအချက် (၄) ချက်ပါ သဘောတူညီမှုတွေကို ဆွေးနွေးနိုင်ခဲ့ကြောင်း ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးအပြီး နှစ်ဖက်နယ်စပ်လုံခြုံရေး၊ ကူးသန်းရောင်းဝယ်ရေး၊ နှစ်ဖက်ပြည်သူတွေ အဆင်ပြေစွာနဲ့ဖြတ်သန်းသွားလာနိုင်ရေး၊ မူးယစ်ဆေးဝါး နဲ့ လူကုန်ကူးမှုဆိုင်ရာ တားဆီးနှိမ်နှင်းရေး စတဲ့အချက်တွေကို အခြေခံပြီး တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ AA၊ TNLA တို့ တိုက်ခိုက်၍ ရရှိခဲ့တဲ့ သျှမ်းပြည်က ဟိုပန် နဲ့ ပန်လုံမြို့ကို UWSA က ဝင်ရောက်ထိန်းချုပ်ခဲ့ပြီး ၎င်းကို ဟိုပန်ခရိုင်အဖြစ်သတ်မှတ်ခဲ့ကာ ဟိုပန်၊ ပန်လုံ၊ နမ့်တစ်၊ နားဝီး စတဲ့မြို့တွေပါဝင်တယ်လို့ ဆိုပါတယ်။

နှစ်ဖက်အဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးထဲ UWSA နဲ့ MNDAA ထိန်းချုပ်ဒေသကို အဓိကဆက်သွယ်ထားတဲ့ ဖောင်ဆိပ်တံတား ပြန်လည်ပြုပြင်ရေး နဲ့ ပတ်သက်ပြီ နှစ်ကြိမ်တိတိ တွေ့ဆုံဆွေးနွေးခဲ့ဖူးတယ်လို့ ဆိုပါတယ်။

UWSA ဘက်က ဟိုပန်ခရိုင်မှ ခရိုင်အတွင်းရေးမှူး၊ ခရိုင်မှူး၊ ဒုခရိုင်မှူး နဲ့ ဒုအတွင်းရေးမှူး တို့တက်ရောက်ခဲ့ကြပြီး MNDAA ဘက်က ကွမ်းလုံ၊ သိန္နီ၊ လောက်ကိုင် မှတာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့က ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း သျှမ်းမြောက်ရှိ မြို့အများအပြားကို TNLA နဲ့ MNDAA တို့က သိမ်းပိုက်ရရှိခဲ့သလို ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်အတွင်းက မြို့အများအပြားကိုလည်း AA က သိမ်းပိုက်နိုင်ခဲ့ပါတယ်။

related posts

Leave a Comment