Home » ဦးမင်းအောင်လှိုင်ရဲ့ အစိုးရကို လုံးဝအသိအမှတ်မပြုဟု သျှမ်းကျောင်းသားသမဂ္ဂ ပြော

ဦးမင်းအောင်လှိုင်ရဲ့ အစိုးရကို လုံးဝအသိအမှတ်မပြုဟု သျှမ်းကျောင်းသားသမဂ္ဂ ပြော

by Homeland Author

ပြည်တွင်းမှာ ရွေးကောက်ပွဲ ပြုလုပ်ပြီးနောက် ဦးမင်းအောင်လှိုင်က ဦးဆောင်ဖွဲ့စည်းတဲ့ စစ်တပ်အစိုးရကို လုံးဝအသိအမှတ်မပြုဘူးလို့ သျှမ်းကျောင်းသားသမဂ္ဂ (TSU) ၂၀၂၆ ခုနှစ်၊ မေလ ၉ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

သျှမ်းကျောင်းသားသမဂ္ဂ နှစ်ပတ်လည် ညီလာခံထုတ်ပြန်ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားတာဖြစ်ပြီး အတုအယောင်ရွေးကောက်ပွဲဖြင့် မိမိကိုယ်ကို အစိုးရဟုသတ်မှတ်ပြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်အစိုးရကို လုံးဝအသိအမှတ်မပြုဘူးလို့ ဆိုပါတယ်။

အစည်းအဝေး ၃ ရက်တာကာလမှာ သျှမ်းကျောင်းသားသမဂ္ဂအနေနဲ့ ရှေ့ဆက်လုပ်ငန်းစဉ်တွေ၊ မျက်မှောက်ခေတ် နိုင်ငံရေးအခြေအနေတွေ၊ သျှမ်းပြည်သူတို့ကြုံတွေ့ခံစားနေရမှုတွေကို ဆွေးနွေးခဲ့ကြပြီး သျှမ်းကျောင်းသားများသမဂ္ဂရဲ့ ဦးဆောင်ကော်မတီ၊ အလုပ်အမှုဆောင်ကော်မတီ၊ လုပ်ငန်းကော်မတီတွေကို ပြန်လည်ဖွဲ့စည်းနိုင်ခဲ့ကာ သျှမ်းလူငယ် နဲ့ ကျောင်းသားထုတွေအရေးအတွက် လုပ်ငန်းစဉ် ၈ ရပ်ကို အတည်ပြုခဲ့တယ်လို့ ဆိုပါတယ်။

သျှမ်းကျောင်းသားသမဂ္ဂရဲ့ မူဝါဒ၊ ရည်ရွယ်ချက်တွေနဲ့အညီ ပညာရေး၊ လူ့အခွင့်အရေး၊ အမျိုးသားရေး၊ တော်လှန်ရေး၊ နိုင်ငံရေးလုပ်ငန်းကို ဆက်လက်လုပ်ကိုင်သွားမယ်လို့လည်း ဆိုပါတယ်။

သျှမ်းကျောင်းသားများသမဂ္ဂရဲ့ လုပ်ငန်းဆောင်တာတွေ ရှေ့ဆက်လွယ်ကူစေဖို့အတွက် ကြားကာလဖွဲ့စည်းပုံကို အတည်ပြုနိုင်ခဲ့သလို နည်းမျိုးစုံဖြင့် အတိဒုက္ခရောက်နေကြတဲ့ အဖိနှိပ်ခံ သျှမ်းပြည်သူလူထုတွေအတူ ရပ်တည်တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်စနစ်၊ နယ်ချဲ့ကျူးကျော်အရင်းရှင်စနစ်ကို အပြင်းအထန်ဆန့်ကျင်ကန့်ကွက်ပြီး အဲဒီ စနစ်တွေ ချုပ်ငြိမ်းရေးအတွက် ကြိုးစားလုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောပါတယ်။

လက်ရှိသျှမ်းတော်လှန်ရေး၊ နိုင်ငံရေးအဖွဲ့အစည်းတွေမှ တည်ဆောက်လုပ်ကိုင်နေတဲ့ ဒေသန္တရအုပ်ချုပ်ရေးစနစ် (Local Governance) တွေကို ထောက်ခံပြီး ပူးပေါင်းပါဝင်ကူညီသွားမယ်လို့လည်း ဆိုပါတယ်။

သျှမ်းလူထု လက်ရှိကြုံတွေ့နေရတဲ့ နိုင်ငံရေးတော်လှန်ရေးအခက်အခဲတွေကိုအဖြေရှာနိုင်ဖို့အတွက် သက်ဆိုင်သူအားလုံးပါဝင်တဲ့ သျှမ်းအမျိုးသားညီလာခံတစ်ရပ်ပေါ်ပေါက်လာဖို့ နဲ့ အဲဒီညီလာခံမှ သျှမ်းအမျိုးသားအကျိုးစီးပွားကို ရှေးရှုတဲ့ သျှမ်းအမျိုးသားနိုင်ငံရေးလမ်းစဉ်နဲ့ ပန်းတိုင်ကို ချမှတ်ဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် သျှမ်းကျောင်းသားသမဂ္ဂအနေနဲ့ မိမိတို့နဲ့ဘုံရည်မှန်းချက်ပန်းတိုင်တူညီတဲ့ ဘယ်အဖွဲ့အစည်းနဲ့မဆို ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ သျှမ်းပြည်သျှမ်းတစ်မျိုးသားလုံးတို့ရဲ အနာဂတ်ဟာ ရဲရင့်တဲ့ လူငယ်ထုလက်ထဲမှာသာရှိတယ်လို့ ဆိုပါတယ်။

သျှမ်းကျောင်းသားများသမဂ္ဂ နှစ်ပတ်လည်စုံညီအစည်းအဝေးကို ၂၀၂၆ ခုနှစ် ဧပြီလမှာ ပြုလုပ်ခဲ့ပြီး သျှမ်းကျောင်းသားသမဂ္ဂရဲ့ ရှေ့ဆက်လုပ်ငန်းစဉ်တွေကို ပြန်လည်သုံးသပ်ဆွေးနွေးနိုင်ဖို့၊ လက်ရှိဖြစ်ပျက်နေတဲ့ နိုင်ငံရေး၊ တော်လှန်ရေး လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်နိုင်ဖို့ ရည်ရွယ်ကာ ပြုလုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

related posts

Leave a Comment