စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နမ့်တောစံပြကျေးရွာအတွင်း စက်သုံးဆီတွေကို ရေသန့်ဗူးဖြင့် ထည့်၍ ရောင်းချတာတွေကို လုံးဝ (လုံးဝ) မလုပ်ကြဖို့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှ ဒီနေ့ ဧပြီ ၂၂ ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။
လက်ရှိ အချိန်အခါဟာ အလွန်ပူပြင်းတဲ့ နွေရာသီအချိန် ရောက်ရှိနေပြီဖြစ်တာကြောင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ဖို့အတွက် ပြည်သူတွေ သိရှိလိုက်နာဆောင်ရွက်နိုင်ဖို့ အသိပေးကြေညာခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
နမ့်တောစံပြကျေးရွာအတွင်းရှိ စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေအနေနဲ့လည်း မနက် ၉ နာရီအချိန်မှ ညနေ ၅ နာရီအချိန်အတွင်း မိမိတို့ ဆိုင်မှာ စက်သုံးဆီတွေကို အတင်အချပြုလုပ်တာ၊ ဆီပေးဝယ်လှည့်တာတွေကို လုံးဝ(လုံးဝ) မလုပ်ကြဖို့လည်း အသိပေးကြေညာချက်မှာ ဖော်ပြထားပါတယ်။
မိမိတို့ နေထိုင်ရာနေအိမ် (သို့မဟုတ်) ဈေးဆိုင်ရှေ့တွေမှာ ဧပြီ ၂၄ ရက်နေ့မှာစ၍ ဇွန်လ ၂၄ ရက်နေ့အထိ (၃) လအတွင်း စက်သုံးဆီတွေကို ရေသန့်ဗူးဖြင့်ထည့်၍ ရောင်းချခြင်းတို့ကို လုံးဝ (လုံးဝ) မလုပ်ကြဖို့ ပြောပါတယ်။
အကယ်၍ အသိပေးတားမြစ်ထားမှုတွေကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ စည်းကမ်းဖောက်ဖျက်ကျူးလွန်တာကို တာဝန်ရှိသူတွေမှ စစ်ဆေးတွေ့ရှိပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့၂၀၂၆ ခုနှစ်၊ ဧပြီ ၂၀ ရက်နေ့ ညနေပိုင်းက ဟုမ္မလင်းမြို့ ချင်းတွင်းမြစ်ဆိပ်ကမ်းမှာ ဆီမော်တော်ရေယာဉ်တွေ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကား (၂) စီး နဲ့ မော်တော်ရေယာဉ် ၂၀ စီးကျော် မီးလောင်ပျက်စီးခဲ့သလို လူထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။