Home » အင်းတော်ကြီးမှာ စစ်တပ်နဲ့ KIA တို့ တိုက်ပွဲဖြစ်ပွားနေ

အင်းတော်ကြီးမှာ စစ်တပ်နဲ့ KIA တို့ တိုက်ပွဲဖြစ်ပွားနေ

by Homeland Author

မိုးညှင်းခရိုင် အင်းတော်ကြီးဒေသ လုံးတုံမှာ စစ်တပ် နဲ့ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေ့စဉ်ရက်ဆက်ဖြစ်ပွားနေပြီး ရှော့တိုက်ဒုံး ပစ်ခတ်မှုတွေ၊ လက်နက်ငယ်ဖြင့် အပြန်အလှန် ပစ်ခတ်မှုအသံတွေ ကြားနေရတယ်လို့ ပြောပါတယ်။

“ညတိုင်းပါ့ အသံတွေ ကြားနေရတာ၊ မမုံကိုင် နဲ့ လုံးတုံကြား လွှဲတောင်အနောက်ဘက်မှာ ပစ်နေကြတာ၊ ရှော့တိုက်ဒုံးတွေ နဲ့ ပစ်တဲ့အသံတွေ ကြားရတယ်။ အပြန်အလှန်ပစ်ကြတာ၊ ထိခိုက်တာတွေတော့ မကြားမိဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လနောက်ဆုံးပတ်မှစ၍ နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တဖက်မှာလည်း KIA နဲ့ လက်အောက်ခံ PDF တွေဟာ မိုးညှင်း – နမ္မား – ဟိုပင် တစ်လျှောက်ရှိ ဒေသခံ လူငယ်တွေကို တပ်သားသစ် စုဆောင်းမှုတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းကလည်း အင်းတော်ကြီး အရှေ့ကမ်း ဟဲပါးကျေးရွာမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA)ရဲ့ ကျားဖြူစစ်ကြောင်း နဲ့ KIA ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုတွေလည်း ရှိခဲ့ပါတယ်။

အလားတူ ဖေဖော်ဝါရီလအစောပိုင်းကစပြီး လုံးတုံရှိ စစ်တပ်စခန်းတွေကို KIA နဲ့ လက်အောက်ခံတပ်တွေက် ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပြီး လက်ရှိအချိန်ထိ နှစ်ဖက်တိုက်ပွဲတွေ ဆက်ရှိနေတာလို့ ဒေသခံတွေက ပြောပါတယ်။

မိုးညှင်းခရိုင် အင်းတော်ကြီးဒေသမှာ ရှမ်းနီလူမျိုးတွေက အများစု နေထိုင်ကြပြီး ဗမာ၊ ကချင် လူမျိုးစု အနည်းငယ်လည်း နေထိုင်ကြတယ်လို့ သိရပါတယ်။

related posts

Leave a Comment