တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အသစ်လက်ထက် မိမိတို့ထိန်းချုပ်ဒေသမှာ ပထမဆုံးအကြိမ် လေကြောင်းတိုက်ခိုက်ခံရတယ်လို့ အာရက္ခတပ်တော် (AA) က မနေ့က ဧပြီ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို စစ်တပ်က ဂျက်ဖိုက်တာ ၄ စီးနဲ့ လေကြောင်းကနေ ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်ခဲ့သလို၊ ပင်လယ်ပြင်မှာ တပ်စွဲထားတဲ့ စစ်သင်္ဘောတစ်စီးကလည်း လက်နက်ကြီးတွေနဲ့ တစ်ချိန်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဗုံးကြဲတိုက်ခိုက်မှုဟာ သံတွဲမြို့နယ်ရှိ အရင်က စစ်တပ်စခန်းချခဲ့တဲ့ ခလရ (၅၅) စခန်းဟောင်းအနီး ဝန်းကျင်မှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး၊ အဲဒီအနီးအနားမှာ စစ်ရှောင်နေကြတဲ့ ကလေး ၂ ဦး အပါအဝင် မိသားစုဝင် ၄ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် နောက်ထပ် ကလေး ၂ ဦးနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးလည်း ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့တယ်လို့ သိရပါတယ်။
အာရက္ခပြည်သူ့အစိုးရအနေနဲ့ သေဆုံးသွားသူတွေရဲ့ မိသားစု၊ ဆွေမျိုးတွေနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရကြောင်းနဲ့ ထိခိုက်ဒဏ်ရာရသူတွေကိုလည်း အရေးပေါ် ဆေးကုသပေးနေတယ်လို့ ပြောပါတယ်။
စစ်တပ်ဟာ AA ထိန်းချုပ်ထားတဲ့ ဒေသတွေကို ဂျက်တိုက်လေယာဉ် ၃ စီးနဲ့အထက်၊ ကင်းထောက်လေယာဉ်တွေကိုပါ တစ်ပြိုင်တည်းအသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုတွေကို အရင်ကထက် ပိုမိုလုပ်ဆောင်လာတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။