စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်ထဲက ရွှေမျောလုပ်ငန်းလုပ်ကိုင်နေတဲ့ ရေဖောင်တွေကို ဟုမ္မလင်းက တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီး နဲ့ မနေ့က ညနေ ၃ နာရီမှာ ပစ်ခတ်သွားတယ်လို့ Infinity Group က ထုတ်ပြန်ပါတယ်။
အဲဒီ လေကြောင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်သေဆုံးမှုများနိုင်ကြောင်း၊ ရွှေတူးဖော်ရာမှာ အသုံးပြုတဲ့ ရေဖောင်တွေလည်း ပျက်စီးမှု ရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအချိန်ထိ သေဆုံးတဲ့ရုပ်အလောင်း ၃ ခုသာ ဆယ်ယူရရှိထားကာ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။
နီးစပ်သူတစ်ဦးက “အဓိကတော့ ဆည်ထဲမှာ ကောလင်းနယ် ဂေါင်းဖြူဝန်းကျင်က ဖောင်တွေ အထိများတယ်။မီးလောင်ပျက်စီးသွားတဲ့ ဖောင်အရေအတွက်လဲများတယ်။ဒဏ်ရာရတဲ့သူတွေလဲရှိပေမယ့် အရေအတွက်တော့ မသိရဘူး။သေဆုံးသူတွေကလဲ ရေထဲဆိုတော့ ရှာရဖွေရမလွယ်လှဘူး” လို့ ပြောကြားထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့ကလဲ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်ထဲက ရေဖောင်တွေကို ပစ်မှတ်ထားကာ ဂျက်ဖိုက်တာ ၄ စီး နဲ့ ပစ်ခတ်ထားခဲ့တယ်လို့လည်း သိရပါတယ်။
စစ်တပ်ထောက်ခံအားပေးတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ တရားမဝင်ရွှေတူးဖော်နေတဲ့ PDF နဲ့ အပေါင်းအပါတွေကို လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ရေးသားဖော်ပြကြပါတယ်။
ဟုမ္မလင်းလေတပ် နဲ့ နီးစပ်ရာ စစ်ကိုင်းတိုင်းအထက်ပိုင်းက ကန့်ဘလူ၊ ကျွန်းလှ၊ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး၊ ဖောင်းပြင်၊ မော်လိုက်နယ်တွေအနေ နဲ့ လေကြောင်းအန္တရာယ် သတိပြုနေထိုင်ကြဖို့ Infinity Group က တိုက်တွန်းထားပါတယ်။


